ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာအနီးသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်များပျက်စီးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Yak-130 တိုက်လေယာဉ်ဖြင့် သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာသို့ဗုံးကျဲချခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅ လုံးထက်မနည်းပျက်စီးသွားကြောင်း သိရှိရသည်။
“ရွာအပြင်နားဘက်လောက်ကျတော့ နေအိမ်တွေ ပျက်စီးတာရှိတယ်။ လူ သေဆုံးမှုရှိတယ်လို့တော့ မကြားမိသေးဘူး” ဟု သီပေါမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်နှင့် နံနက် ၉ နာရီ ၃၅ မိနစ်အချိန် သီပေါမြို့ပေါ်ရှိ တောင်မြို့ ရပ်ကွက်နှင့် အနောက်ရပ်ကွက်ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။
ဩဂုတ်လ ၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က သီပေါမြို့အနီးရှိ ဆောက်လုပ်ရေး အရာရှိ ရိပ်သာဝင်းကို လေ ယာဉ် ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။
ဇူလိုင်လအတွင်း စစ်တပ်က သီပေါမြို့ကိုလည်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၁၈ လုံး နှင့် စာသင်ကျောင်း ၁ ကျောင်းတို့ ထိမှန်ပျက်စီးခဲ့သည်။
ဓာတ်ပုံ- CJ ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



