ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တောင်ဘက်ရှိ DKBA ထိန်းချုပ်ထားသော ကျောက်ခတ်ကျေးရွာဆေးရုံဟောင်းကို စစ်တပ်က ဒရုန်းများဖြင့် ဗုံးကျဲမှုကြောင့် အဆောက် အအုံပျက်စီးသွားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် မြ၀တီမြို့တောင်ဘက်၊ ကျောက်ခတ်ကျေးရွာစာသင်ကျောင်းအနီး၊ ဆေးရုံအဟောင်းအဆောက်အအုံကို ဒရုန်းဖြင့် ဗုံးကျဲခဲ့ကြောင်း၊ ဆေးရုံဟောင်းအဆောက်အအုံများ ဒရုန်းဗုံးထိမှန်ပျက်စီးခဲ့သော် လည်း လူထိခိုက်မှုမရှိကြောင်း၊ ထို့ပြင် ယနေ့ နံနက် ၈ နာရီ ၅၀ မိနစ်ဝန်းကျင်အချိန်တွင်လည်း ထပ်မံ၍ ဒရုန်းဖြင့် ဗုံးကျဲခဲ့ကြောင်း သိရှိရသည်။
“လူထိခိုက်မှုတော့မရှိဘူး။ ဆေးရုံဟောင်းအဆောက်အအုံကတော့ ပျက်စီးသွားတယ်။ ဆေးရုံက ရွှေ့ထားပြီးသား။ ကျဲတဲ့နေရာက မြ၀တီမြို့၊ ကျောက်ခတ်ကျေးရွာနေရာ။DKBA ထိန်းချုပ်နယ်မြေတွေပါ။ တိုက်ပွဲဖြစ်တာမျိုးမရှိဘူး။ ဒီအတိုင်းကို လာကျဲချတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ နို့ဖိုးရွာနှင့် ထီးမူထရွာဘက်တွင် ထိုင်းမှ ထွက် ပြေးပြီး ပြန်ဝင်ရောက်လာသော စစ်သားများ စုပေါင်းထားသော စစ်တပ်က စစ် ကြောင်းထိုးနေသဖြင့် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ စစ်လေယာဉ်များကလည်း ဗုံးများကျဲချခြင်းဖြင့် စစ်ကူပေးခဲ့ကြောင်း၊ သို့ရာတွင် အဆိုပါ စစ်တပ်စစ်ကြောင်းမှာ စစ်ကြောင်းတစ်ခုလုံးပျက်စီးသွားသည်အထိ အထိနာ၍ ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရသည်။
” ခလရ ၂၇၅ ထဲကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က အထိနာလို့ ပြန်ဆုတ်သွားပြီ လို့ သိရတယ်။ ဒါပေမယ့် ဘယ်အချက်တော ပြန်ထွက်လာဦးမလဲမသိရသေးဘူး။ စခတွေက လေကြောင်းနဲ့ ကင်းထောက်တာ၊ ဗုံးကျဲတာတွေတော့ မနေ့ကလည်း လုပ်တယ်။ ဒီနေ့လည်း ဒရုန်းတွေနဲ့ တိုက်တာရှိတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။
ကော့ကရိတ်-မြ၀တီ အာရှလမ်း၊ ကျုံဒိုးမြို့တို့တွင်လည်း နေ့စဉ် ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုများရှိနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





