29.2 C
Yangon

မုံရွာထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုဇော်မင်းဦး အသက်ရှုကျပ် အမောဖောက်စဉ် အကျဉ်းဦးစီးဌာနက ဆေးကုသပေးရန်နှင့် ဆေးရုံပို့ပေးရန် ငြင်းဆန်သဖြင့် သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုဇော်မင်းဦး အသက်ရှုကျပ် အမောဖောက်စဉ် အကျဉ်းဦးစီးဌာနက ဆေးကုသပေးရန်နှင့် ဆေးရုံပို့ပေးရန် ငြင်းဆန်သဖြင့် သေဆုံးသွားကြောင်း နိုင်ငံရေးအကျဉ်းသားအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့ ညပိုင်း မုံရွာအကျဉ်းထောင်တွင် နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား ကိုဇော်မင်းဦး (ဘ) ဦးလှငွေသည် အသက် ရှုကျပ်ပြီး အမောဖောက်လာကြောင်း၊ ထိုသို့ အမောဖောက်စဉ် ဆေးရုံတင်ပေးရန်နှင့် ဆေးကုသခွင့်ပေးရန် အခန်းဖော် အကျဉ်းသားများက အကျဉ်းဦးစီးဌာနထံသို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြကြောင်း၊ သို့ရာတွင် အကျဉ်းဦးစီးဌာနက ဆေးကုသပေးရန်နှင့် ဆေးရုံတင်ပို့ပေးရန် ငြင်းဆိုခဲ့ကြောင်း သိရှိရသည်။

ထို့နောက် စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ် ဝန်းကျင်အချိန်တွင် အသက် ၃၈ နှစ်အရွယ် ကိုဇော်မင်းဦးမှာ အသက်ရှုကျပ် အမောဖောက်ရောဂါဖြင့်ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

မုံရွာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများသာမက သာမန်အကျဉ်းသားများလည်း ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်မရဘဲ သေဆုံးနေကြကြောင်း၊ အကျဉ်းသားများ သေဆုံးသွားလျှင် ကျန်ရစ်သူမိသားစုများထံသို့ အကျဉ်းဦးစီးဌာနက အသိပေး အကြောင်းကြားမှု မရှိကြောင်း သိရှိရသည်။

“ဆေးဝါးကုသခွင့်မရလို့ သေဆုံးရတဲ့အကျဉ်းသားတွေ လစဉ် ပိုပြီးတိုးလာနေပါတယ်။

သေဆုံးတဲ့အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေလည်း သိခွင့်မရသလို ရောဂါဝေဒနာခံစားနေရတဲ့ အကျဉ်းသားတွေဟာ သေဖို့အတွက်စောင့်ဆိုင်းရုံသာတတ်နိုင်တဲ့အတွက် အား ငယ်စိတ်ဓါတ်ကျပြီး ကူကယ်ရာမဲ့နေပါတယ်” ဟု နိုင်ငံရေးအကျဉ်းသား အသိုင်းအ၀ိုင်းက ဆိုသည်။

ယင်းအပြင် မုံရွာအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဦးတည် ဖိနှိပ်နေသော လုပ်ရပ်များစွာကို အကျဉ်းဦးစီးဌာနနှင့် ရာဇဝတ်အကျဉ်းသားများက လုပ်ဆောင်နေကြောင်း သိရှိရသည်။

“မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်ခံနေရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ခိုးဆိုးလုနှိုက် ဓါးမြမှုနဲ့ရောက်လာတဲ့ အကျဉ်းသားတွေက နည်းအမျိုးမျိုးနဲ့အနိုင်ကျင့်နှိပ်စက်တာကို ထောင်အာဏာပိုင်တွေကလည်း မသိကျိုးကျွံပြုနေတဲ့အပြင် အဲဒီလိုအနိုင်ကျင့်စော်ကားနေတဲ့အကျဉ်းသားဆိုအခွင့်အရေးပိုပေးနေတာပါ” ဟု နိုင်ငံရေးအကျဉ်းသားအသိုင်းအ၀ိုင်းက ပြောဆိုသည်။

ထို့ပြင် မုံရွာထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရှိနေပြီး အထူးသဖြင့် LGBT နိုင်ငံရေးအကျဉ်းသားတချို့အပေါ် အကျဉ်းဦးစီးဌာနက လက်သပ်မွေးထားသည့် ရာဇဝတ်အကျဉ်းသားများက လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပေါ်ပေါ်တင်တင် လုပ်ဆောင်လာကြောင်း သိရှိရသည်။

“မုံရွာအကျဉ်းထောင်ထဲမှာရောက်နေတဲ့ LGBT နိုင်ငံရေးအကျဉ်းသားလူငယ်တစ်ဦးကိုလည်း ထောင်အာဏာပိုင်တွေမြှောက်စားထားတဲ့ ခိုးဆိုးလုနှိုက်ဓါးမြမှုနဲ့ရောက်လာတဲ့အကျဉ်းသားတွေက နှုတ်နဲ့စော်ကားမော်ကားပြုလုပ်တယ်။ နောက်တော့ တစ်ဆင့်တက်လာပြီးတော့ ကိုယ်ထိလက်ရောက်စော်ကားတာတွေပါပြုလုပ်လာလို့ မလုံခြုံစွာနဲ့အားငယ်စွာနေထိုင်နေရပါတယ်။ ထောင်အာဏာပိုင်တွေကလည်း LGBTတွေကိုဖိနှိပ်တာ ခွဲခြားဆက်ဆံတာတွေကို သိသိသာသာပြုမူနေပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားအသိုင်းအ၀ိုင်းက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article