ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၀နာရီ ၂၀ မိနစ်အချိန်တွင် မူးမြို့နယ် အတွင်း အကြမ်းဖက်စစ်တပ်၏ ခမရ-၃၀၇ ရွှေဝါတပ်ရင်းက ဟောင်ဝှစ်ဇာ လက်နက်ကြီး ၅ လုံးကို ပစ်ခတ်ခဲ့ရာ ရေလဲအနောက်ဖက်ကမ်းကျေးရွာတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် ဒေါ်မေမြင့်ရှိန်၏ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ရပြီး အသက် ၇၂ နှစ်အရွယ် ဒေါ်မေမြင့်ရှိန် ၊ အသက် ၇၅နှစ်အရွယ် ဒေါ်စန်းမြင့် ၊ အသက် ၄၆နှစ် အရွယ် ဒေါ်ဝတ်မှုံ ၊ အသက် ၂၂ နှစ်အရွယ် မသင်းသင်းမြိုင် ၊ အသက် ၆၇ နှစ်အရွယ် ဒေါ်ကြည်မြင့် ၊ အသက် ၆၅နှစ် အရွယ် ဒေါ်တင် နှင့် အသက် ၄၀နှစ်အရွယ် ကိုကျော်သက် နှစ်တို့ ၇ ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့ကြောင်းသိရှိရသည်။
ဩဂုတ်လ ၃၀ ရက်နေ့တွင် လယ်ဒိုမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ် ခလရ-၂၆၄ တပ်ရင်းက ကျောက်တံခါးမှနေပြီး ညနေ ၄နာရီ ၂၈ မိနစ်အချိန်တွင် ဒရုန်းဖြင့် ကြိတ်ကွင်း ကျေးရွာတွင်းသို့ ဗုံးကျဲပစ်ခတ်ခဲ့သောကြောင့် စောဇော်လှိုင်ဝင်း၏ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ရကာ အကြမ်းဖက်စစ်တပ်၏ သာယာကုန်း ဒရုန်းတပ်ဖွဲ့မှ ညနေ ၄နာရီ ၃၀ မိနစ်အချိန်တွင် ဒရုန်းဖြင့် ကြိတ်ကွင်းကျေးရွာသို့ ၁၂၀ မမ ဗုံးသီး ၁ လုံး ထပ်မံလာရောက် ပစ်ခတ်ခဲ့ရာ ဦးမောင်မောင်စိုး၏ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ရသည့်အပြင် ညနေ ၆နာရီ ၃၇ မိနစ်အချိန်ခန့်တွင် ကျောက် တံခါးမှနေပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီး ၁ လုံး ထပ်မံပစ်ခတ်ရာကြိတ်ကွင်းကျေးရွာ အတွင်း ထပ်မံကျရောက်ပေါက်ကွဲခဲ့ပြီး စောခီးလာ၏ နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ရကြောင်းသိရှိရသည်။
အကြမ်းဖက်စစ်တပ်မှ ခလယ်လွီထူခရိုင် ခရိုင်အတွင်းရှိ လယ်ဒို၊ ဆောထိ၊ မူး မြို့နယ် တို့ အတွင်း နေ့စဥ်နေ့တိုင်းနည်းပါး အရပ်သားပြည်သူလူထုများရှိရာ နေရာများသို့ လက်နက်ကြီး၊ ဒရုန်းများ ဖြင့် ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်လျှက်ရှိသောကြောင့် အပြစ်မဲ့အရပ်သား ပြည်သူလူထု များအနေဖြင့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အသက်ရှင် နေထိုင်နေကြရလျှက်ရှိကြောင်း KNU ဗဟိုက ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








