စက်တင်ဘာလ ၃ ရက်နေ့ ကြံ့ဖွတ်ခင်ရီက ၎င်း၏ တယ်လီဂရမ်မှတစ်ဆင့် စစ်လော်ဘီတချို့နှင့် အင်တာဗျူး ရုပ်သံဖိုင်များ ထုတ်ပြန်လာပြီး ယင်းရုပ်သံ အင်တာဗျူးတွင် စစ်မှုထမ်းဥပဒေသည် မြန်မာနိုင်ငံအတွက် ပိုမိုလိုအပ် လာကြောင်း ထုတ်ဖော်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ရှိနေပြီး နိုင်ငံကြီး ၂ ခုအကြားတွင်ရှိနေကြောင်း၊ ထို့ကြောင့် ပြည်တွင်းစစ်ဖြစ်စေ၊ ပြည်ပစစ်ဖြစ်စေ မြန်မာနိုင်ငံအတွက် စစ်မှုထမ်းဥပဒေ မဖြစ်မနေ လိုအပ်ကြောင်း ကြံ့ဖွတ်ခင်ရီက ပြောသည်။
“ကျနော်တို့ရဲ့ တရားဝင် Constitution မှာ နိုင်ငံသားတိုင်းက ဥပဒေနဲ့အညီ စစ်ပညာသင်ကြားခွင့်နဲ့ စစ်မှုထမ်းရမည်ဆိုတာ ပါတယ်။ ဒီလိုပဲ နိုင်ငံတွေမှာလည်း အများကြီး စစ်မှုထမ်းနေကြတာပဲ။ တစ်ကမ္ဘာလုံးမှာလည်းရှိတယ်။ အိမ်နီးနားချင်းနိုင်ငံတွေအားလုံးမှာလည်း စစ်မှုထမ်းဥပေဒဆိုတာ ရှိကြတာပဲ။ ကျနော်တို့ နိုင်ငံဆို ပိုလိုတာပေါ့။ တကယ့်ကို အင်အားကြီး နိုင်ငံတွေရဲ့ကြားထဲရှိတယ်။ ပြည်ပစစ်အတွက်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် နိုင်ငံတော် ကာကွယ်ရေးအတွက် ကာကွယ်ရေးအင်အားစုတွေက လိုကိုလိုတယ်” ဟု ကြံ့ဖွတ်ခင်ရီက ထုတ်ဖော်ပြောဆိုသည်။
ကြံ့ဖွတ်ပါတီက လူငယ်များကို ပါတီဝင်ဖြစ်လာပါက စစ်မှုထမ်းကင်း လွတ်ခွင့်ရရှိနိုင်သည်ဟု မြေပြင်တွင် ပြောဆို စည်းရုံးမှုများစွာရှိနေသော်လည်း ကြံ့ဖွတ်ခင်ရီကမူ ကြံ့ဖွတ်ပါတီဝင် လူငယ်များအနေဖြင့် စစ်မှုထမ်းကင်းလွတ်ခွင့်မရနိုင်ကြောင်း ပြောဆိုသည်။
“ကျနော်တို့ပါတီဝင်လို့ ဒါကင်းလွတ်ခွင့်မရဘူး။ ဥပဒေအရလည်း ခွင့်ပြုထားတာမရှိဘူး။ စစ်မှုထမ်းဥပဒေက ကျနော်တို့ပါတီကို ကင်းလွတ်ခွင့်ပေးထားတယ်ဆိုတာမဟုတ်ဘူး။ ကင်းလွတ်စရာအကြောင်းလည်းမရှိဘူး။ ဒီဥပဒေကလည်း နိုင်ငံတော်က တရားဝင် ချမှတ်ထားတာ ဒီပါတီတစ်ခုက ကွက်ပြီး ကင်းလွတ်ခွင့်ရတယ်ဆိုတာက မှားယွင်းစွပ်စွဲတာပါ” ဟု ခင်ရီက ပြောဆိုသည်။
သို့ရာတွင် ကြံ့ဖွတ်ပါတီက နိုင်ငံတစ်ဝန်းမှ လူငယ်အမျိုးသားများကို ကြံ့ဖွတ်ပါတီသို့ ဝင်ရောက်ထားပါက ပေါ်တာဆွဲဖမ်းဆီးခံရခြင်း၊ အတင်း အကျပ် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းကဲ့သို့ စစ်မှုထမ်းခေါ်ဆောင်ခံရခြင်းများရှိလာပါက ပါတီအနေဖြင့် ဖြေရှင်းပေးမည်ဟု ကတိပြု မဲဆွယ် ပါတီဝင် အင်အားတိုးပွားစေရန် စုဆောင်းထားရှိကြောင်း ပေါ်တာဆွဲ မခံရစေရေး ကြံ့ဖွတ်ပါတီတွင်းသို့ မိဘများ၏ သွပ်သွင်းမှုကြောင့် ဝင်ရောက်ခဲ့ရသော လူငယ်တချို့က ထုတ်ဖော်ပြောဆိုထားသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ စစ်မှုထမ်းဥပဒေကို အသက်သွင်းကာ လစဉ် စစ်မှုထမ်းတပ်သား လူငယ် ၅၀၀၀ ခေါ်ယူခဲ့ပြီး ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၁၇ သို့ ရောက်ရှိလာပြီဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
