ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် အစောပိုင်း စစ်တပ်က ကျောက်မဲမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ် ခိုက်တုန်းဟုန်းရွာအတွင်းပိုင်းရှိ မက်မန်းကုန်းကော်ရွာထဲသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် လင်မယား ၂ ဦးထိမှန်သေဆုံးသွားခဲ့ကြောင်း၊ လက်ရှိတွင် လမ်းအဝင်အထွက် ယာယီပိတ်ထားသောကြောင့် အလောင်းသယ်ယူဆောင်နိုင်ခြင်းမရှိသေးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
“မက်မန်းကုန်းကော်ရွာထဲမှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျပြီး သေဆုံးတာက ဦးဝါယမနဲ့ ဒေါ်လှခင်တို့ လင်မယား ၂ ဦဖြစ်ပါတယ်။ အခုထက်ထိ အလောင်းသယ်ထုတ်လို့မရသေးပါဘူး။ လက်နက်ကြီးတွေလည်း ဆက်တိုက် စစ်တပ်က ပစ်ခတ်နေပါတယ်။” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်တိုင်း၊ ပုလဲမြို့နယ်တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် တနယ်ကျေးရွာမှ လင်မယား ၂ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန် ပုလဲမြို့နယ်၊ တနယ်ကျေးရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံး ၂ ကြိမ်ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် လင်မယား ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“အမျိုးသမီးကတော့ လေယာဉ်ဗုံးကြောင့် အပိုင်းပိုင်းပြတ်သွားတယ်။ ခင်ပွန်းဖြစ်သူကတော့ ဒဏ်ရာနဲ့ ဆေးကုသရင်း ကွယ်လွန်ပါတယ်။ နောက်ထပ် ပြည်သူ ၁ ဦးလည်း ဒဏ်ရာရလို့ ဆေးကုသမှု ခံယူနေပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကျဲတာပါ” ဟု ပုလဲမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ပုလဲမြို့နယ်၊ တနယ်ကျေးရွာမှာ အိမ်ခြေ ၇၀၀ နီးပါးရှိပြီး ဒေသပြည်သူများမှာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ – ကျောက်မဲနှင့်ပုလဲမြို့နယ်တွင် စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးပြီး နေအိမ်များ ပျက်စီးနေစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



