ပဲခူးတိုင်း၊ မူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၃၅၁ ၊ ခလရ ၆၀ တပ်ရင်းများမှ စစ်သားများက မူးမြို့နယ်ရှိ ဖိုးသောင်းစုကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ပြည်သူ အသက် ၅၅ နှစ်အရွယ် စောရွှေလူ ၊ အသက် ၅၀ နှစ်အရွယ် စောပွေးပွေး တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် လက်နက်ကြီးကျည်စထိမှန်ပြီး အသက် ၅၈ နှစ်အရွယ် စောခင်လှ လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နွား ၂ ကောင်လည်း ထိမှန်သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးသည့်အပြင် ပြည်သူများသည် ထိတ်လန့် ကြောက်ရွံ့မှုများစွာဖြင့် နေထိုင်နေရကြောင်း KNU ဗဟိုက ပြောဆိုထားသည်။
အလားတူ မန္တလေးတိုင်း၊ မလှိုင်မြို့နယ် အနောက်တောင်ခြမ်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၅ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ မိတ္ထီလာ လေတပ်မှ တက်လာသော စက်တပ်လေထီးများသည် မလှိုင်မြို့နယ် အနောက်တောင်ခြမ်းရှိ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှုအတွင်းပြည်သူများ ထိခိုက်မှုမရှိသော်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ် လုပ်ဆောင်နေ၍ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။
“မလှိုင်နဲ့ တောင်သာ မြို့နယ်တွေမှာ စစ်ခွေးတွေက ညအချိန်ဆို လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ် ပြုလုပ်နေလို့ ပြည်သူတွေကတော့ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်။ ရွာထဲမှာ ပြည်သူတွေ မအိပ်ရဲတော့ အခြေ အနေ ဖြစ်နေတယ်။ တိုက်ပွဲမရှိဘဲနဲ့ကို စစ်ခွေးတွေက နေ့စဉ်ကို ဗုံးကျဲ တိုက်ခိုက်နေတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
လတ်တလော မလှိုင်မြို့နယ်အတွင်းတွင် စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်မှုများရှိနေပြီး မလှိုင်မြို့ကို အဓိက အခြေပြု စစ်ဆင်ရေး လုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း မလှိုင်မြို့မှ ကင်းထောက်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
