တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၄ ရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ ကျော် ပြာကျခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့ အထိ သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ၁၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား အလောင်း ၂ လောင်းနှင့် MA-4 သေနတ် ၁ လက်နှင့် MA-1 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး စစ်မှုထမ်းတပ်သား ၆ ဦးကိုလည်း အရှင်ဖမ်းဆီးရမိကာ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် တိုက်ပွဲအတွင်း အထိနာခဲ့သောကြောင့် မိုင်းရွှေကုန်းနှင့် စော်ဖျားရွာကို ဩဂုတ်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၇၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။
ထို့နောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောလမ်းအတိုင်း သရက်ချောင်းမြို့ဘက်သို့ ပြန်လည် ဆုတ်ခွာလာစဉ် ယမန့်နေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် သင်းကျွန်းရွာနှင့် ရန်တောင်ကျေးရွာတို့ကို ဝင်ရောက် စီးနင်းခဲ့ပြီး ရန်တောင်ကျေးရွာမှ နေအိမ် ၃၀ ကျော် နှင့် သင်းကျွန်းရွာမှ နေအိမ် ၈ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲစစ်ခွေး စစ်ကြောင်းက သရက်ချောင်းမြို့ဘက်ကို ပြန်လည်ဆုတ်ခွာနေတာ သူတို့ တောလမ်းထဲက သွားတာဆိုတော့ တော်တော်နဲ့ ပြန်မရောက်သေးဘူး။ ခွေးစစ်ကြောင်းက သူတို့ ဖြတ်သွားတဲ့ လမ်းတောက်လျောက်က ရွာတွေကို ဝင်ရောက် စီးနင်းပြီး မီးရှို့ဖျက်ဆီးနေတာ တိုက်ပွဲမှာလည်း စစ်ခွေးတွေက အထိနာထားတော့ ပြည်သူတွေကို ဦးတည် တိုက်ခိုက်နေတာ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၁၀၀ ကျော် မီးလောက်ပြာကျသွားတယ်” ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် သရက်ချောင်းမြို့နယ် အခြေစိုက် ခမရ ၄ဝ၃ ၊ ခမရ ၄ဝ၄ နှင့် ခမရ ၄ဝ၅ တပ်ရင်းမှ စစ်သားများ ပါဝင်ပြီး ၎င်းတို့ ဖြတ်သန်း သွားရာ လမ်းတောက်လျောက်ရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်သွားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar









