28.4 C
Yangon

ဘားအံထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို အကျဉ်းဦးစီး ဝန်ထမ်းများက ရိုက်နှက်‌ ခြေကျင်းခတ် တိုက်ပိတ်မှု နိုင်ငံရေးအကျဉ်းသား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၈

ကရင်ပြည်နယ်၊ ဘားအံထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို အကျဉ်းဦးစီးဌာန ဝန်ထမ်းများက ရိုက်နှက်‌ ခြေကျင်းခတ် တိုက်ပိတ်ခဲ့သဖြင့် နိုင်ငံရေး အကျဉ်းသား ၁ ဦးသေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယခုနှစ် ဇွန်လ ၁၄ ရက်နေ့ ဘားအံထောင်၊ ကြိုးကြာအဆောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို ထောင်အာဏာပိုင်များက အဓမ္မခေါ်ယူ ရိုက်နှက်ကာ ခြေကျင်းခတ် ၃လတာ တိုက်ပိတ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း၊ တိုက်ပိတ်သည့်နေရာသို့ ခေါ်ဆောင်ရာတွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ရိုက်နှက်ခဲ့သည့်အပြင် တိုက်ပိတ်ခံထားရသည့် နေရာအတွင်းသို့ ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း၊ ထိုသို့ မတရာညှဉ်းပမ်း နှိပ်စက်မှုများကြောင့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ကိုဉာဏ်မင်းထွန်း အသက်ဆုံးပါးခဲ့ရပြီး အခြားတိုက်ပိတ်ခံ နိုင်ငံရေးအကျဉ်းသားများလည်း ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ထောင်အာဏာပိုင်များက တိုက်ပိတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများအနက် ကိုဇော်ဝင်းအောင် ခေါ် ကိုဂျက်ကို ဦးဆောင်သူဟု သတ်မှတ်ကာ ၁ လကျော် နေ့စဉ် အပြင်ခေါ်ထုတ်၍ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ကိုဇော်ဝင်းအောင် ခေါ် ကိုဂျက်သည် ယခုအချိန်တွင် ရုပ်ပိုင်းဆိုင်ရာနှင့် မိမိကိုယ်ကို အဆုံးစီရင်ရန်အထိ စိတ်ပိုင်းဆိုင်ရာ အလွန် ပြင်းထန်စွာ ထိခိုက်နေမှုများ ကြုံတွေ့နေရကြောင်း သိရှိရသည်။

“ဘားအံအကျဉ်းထောင်မှာ ၁ပွင့် အရာရှိ အောင်ရဲနိုင်ဆိုသူက တော်တော်လေးကို နိုင်ငံရေးအကျဉ်းသားတွေ ဦးတည် ဖိနှိပ်လာတာ တွေ့ရတယ်။ ဒီမတိုင်ခင်ကတည်းကလည်း ဖိနှိပ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ သက်သေအချက်အလက်တွေအရရော ပြောပြချက်အရရော သိရှိထားတဲ့အချက်အလက်တွေအရရော ၁ ပွင့် အောင်ရဲနိုင်ဟာ တော်တော်လေးနိုင်ငံရေးအကျဉ်းသားတွေကို ဦးတည်ဖိနှိပ်နေတာတွေ့ရပါတယ်။ ပိုပြီးဆိုးရွားလာတာက နောက်ပိုင်းမှာ အကျဉ်းထောင်တွင်း ကိစ္စတစ်ခုခုကြောင့် နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးတာ၊ဖိနှိပ်ခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာတွေကို ပြင်ပမှာ သူတို့ သတင်းတက်မလာအောင် စနစ်တကျကို သူတို့ ဖိနှိပ်လုပ်ဆောင်လာတာ တွေ့ရပါတယ်။ သတင်းတက်ဖို့ကြိုးစားတဲ့ လူတွေ၊ သတင်းတွေသာ တက်ခဲ့မယ်ဆိုရင် နိုင်ငံရေးအကျဉ်း သားတွေကို သတ်ဖြတ်မှုတွေ လုပ်နေပါတယ်”ဟု PPNM မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုအပြင် ဘားအံထောင်မှ ၁ ပွင့် အရာရှိ အောင်ရဲနိုင်က ပြစ်ဒဏ်ချမှတ်ခံထားရသည့် စစ်ဗိုလ်များ၊ မူးယစ်ဆေးရောင်းဝယ်မှုများကြောင့် ထောင်ကျနေသည့်သူများဖြင့် ရင်ထိုးအနီရောင်မိန်းဂျေးရုံးအဖွဲ့ကို ဖွဲ့စည်းထားကြောင်း၊ အဆိုပါအဖွဲ့က သစ်သားတုတ်များ၌ နာမည်များ ရေးပြီး နိုင်ငံရေးအကျဉ်းသားများကိုရိုက်နှက်ရန်စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်။

ဘားအံထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်သည့် သတင်းများ ပြင်ပသို့ပေါက်ကြားပါက တိုက်ပိတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို အကျဉ်းဦးစီးဌာနက သတ်ပစ်မည်ဟု ဆိုကာ ခြိမ်းခြောက်ထားကြောင်း ၊ လက်ရှိတွင် ဘားအံအကျဉ်း ထောင်မှ နိုင်ငံရေးအကျဉ်းသားများသည် ထောင်အာဏာပိုင်များ၏ အစီအစဉ်တကျ ညှဉ်းပမ်းနှိပ်စက်ခံနေရကြောင်း၊ နေ့စဉ် နံနက် ၉ နာရီမှ နံနက်၁၀ နာရီအထိ နေပူ၊ မိုးရွာ အခြေအနေမရွေး အိပ်ဆောင်နှင့် အုတ်ရိုးအကြား ရေညှိများကို နိုင်ငံရေးအကျဉ်းသားများကို သန့်ရှင်းလုပ်ခိုင်းကြောင်း သိရှိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံအကျဉ်းသားများကွန်ရက် (PPNM) အနေဖြင့် မတရားတိုက်ပိတ်ခံထားရသည့်နိုင်ငံရေးအကျဉ်းသား ၁၂ ဦးကို ခြေကျင်းခတ်၊ တိုက်ပိတ်ခြင်းမှ ချက်ချင်း လွှတ်ပေးရန်၊ နိုင်ငံရေးအကျဉ်းသား ကိုဇော်ဝင်းအောင်အပါအဝင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်း ဆေးဝါးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီမှုပေးရန်၊ ၁ ပွင့် အရာရှိ အောင်ရဲနိုင် အပါအဝင် ရိုက်နှက်ညှင်းပမ်းရန် ညွှန်ကြားသူများကို တာဝန်ယူစေပြီး နိုင်ငံရေးအကျဉ်းသားများအပေါ် တရားမဲ့ ညှင်းပမ်းမှုများကို ချက်ချင်း ရပ်တန့်ရန်၊ ထောင်အာဏာပိုင်များက ဘားအံအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် မည်သည့်နည်းဖြင့်မဆို အသက်အန္တရာယ် ခြိမ်းခြောက်မှုများ လုံးဝ မရှိရန် တောင်းဆိုထားသည်။

“တကယ်တော့ အကျဉ်းထောင်ဟာ သီးခြားကမ္ဘာငယ်တစ်ခုလို ဖြစ်လာပြီးတော့ ပြည်သူလူထုနဲ့ ကင်းကွာအောင် တဖြည်းဖြည်းနဲ့ အကျဉ်းဦးစီးဌာနကရော စစ်တပ်ကရော စနစ်တကျနဲ့ လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ သို့သော်လည်းပဲ အကျဉ်းထောင်ထဲမှာ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူအားလုံးကို ပြည်သူလူထုအနေနဲ့ အမြဲတစေအာရုံစိုက်ပြီးမှ အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဖြစ်စဉ်တွေကို ပြည်သူလူထုအများသိအောင်၊ ကမ္ဘာကြီးသိအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ အကျဉ်းထောင်တွင်းမှာ ထောင်တံခါးတွေ ပွင့်မယ့် လွတ်မြောက်ရမယ့် နေ့ကို မျှော်လင့်နေကြတဲ့ စောင့်မျှော်နေကြတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ နှစ်သောင်းကျော် ကျန်ရှိနေပါတယ်လို့ ပြောချင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဓာတ်ပုံ – ၂၀၁၈ ခုနှစ် ဘားအံအကျဉ်းထောင်တွင် ထောက်ဖောက်ပြေးမှု ဖြစ်စဉ်က လုံခြုံရေးများ ထောင်အတွင်း ဝင်သွားစဉ် မြင်ကွင်းပုံ။ (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၁၈ ခုနှစ် ဘားအံအကျဉ်းထောင်တွင် ထောက်ဖောက်ပြေးမှု ဖြစ်စဉ်က လုံခြုံရေးများ ထောင်အတွင်း ဝင်သွားစဉ် မြင်ကွင်းပုံ။ (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article