မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ မြင်းကျကန်ရွာသား ၂ ဦးကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းများကို လယ်တဲဘေးတွင် မြုပ်ထားခဲ့ကြောင်း၊ ယင်းနောက် အလောင်းလာဖော်သည့် ပြည်သူများကိုလည်း စစ်တပ်က ဆဲဆို ပြန်လွှတ်ကြောင်း Voice Of Wundwin မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် ညပိုင်းတွင် ဝမ်းတွင်းမြို့နယ် အရှေ့ပိုင်းရှိ ကမ်းပါးနီ စိုက်ကွင်းတွင် ညအိပ် တောင်ယာ လုပ်ငန်းကိုင်နေသည့် မြင်းကျကန်ရွာသား ၂ ဦးကို အကြမ်းဖက် စစ်တပ်သားများက ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်သတ်ပြီးနောက် ရုပ်အလောင်းကို လယ်တဲ အနီးတွင် မြုပ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်သတ်မှု ဖြစ်ပွားပြီးနောက် သေဆုံးသူ ၂ ဦး၏ မိသားစုဝင်များက ယနေ့ နံနက်ပိုင်းတွင် တောင်ယာအတွင်း သွားရောက်ရှာဖွေစဉ် တဲအတွင်းမှ သွေးစိုနေသော အဝတ်များ၊ ၎င်းတို့ ကိုင်သောဖုန်းများ၊ ဖိနပ်များသာ တွေ့ရှိခဲ့ပြီး တဲအနီးတွင် အလောင်း မြုပ်ထားသော မြေပုံအသစ်ကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူ ၂ ဦး၏ မိသားစုဝင်များက မြေပုံကို တူးဖော်ရန် လုပ်ဆောင်နေစဉ် အကြမ်းဖက် စစ်တပ် ကင်းပုန်းက တွေ့ရှိသွားပြီး အထက်အမိန့်အရ မြေပုံကို တူးဖော်ခွင့်မရှိကြောင်း ပြောဆိုခဲ့ပြီး ပြည်သူများကိုလည်း ဆဲဆို ကျိန်းမောင်းကာ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေက အခု အဲ့နားကို ဘယ်သူမှ ပေးမသွားဘူး။ သူတို့ ကင်းပုန်းတွေချထားတယ်။ အဲ့မြေပုံကိုလည်း အထက်အမိန့်ရဆိုပြီး တူးဖော်ခွင့်မပေးဘူး။ အဲ့နားကို လာတဲ့သူတွေကိုလည်း ဆဲဆိုကျိန်းမောင်းပြီး ပြန်လွှတ်တယ်။ ခွေးတွေက သူတို့ ပစ်သတ်ပြီး မြေမြုပ်ထားတာကို လူသိမှာဆိုးလို့ မြေပုံကို ကင်းစောင့်နေတာ နောက်ပြီး အဲ့ဘက်ကရွာတွေကို ည ၆ နံနက် ၆ မထွက်ရဆိုပြီး မနေ့က ညနေက အမိန့်လာထုတ်သွားတယ်” ဟု Voice Of Wundwin မှ တာဝန်ရှိသူ က ပြောဆိုသည်။
ထို့သို့ စစ်တပ်က ပစ်သတ်မှု ဖြစ်ပွားပြီးနောက် မြင်းကျကန်ကျေးရွာ အုပ်ချုပ်ရေးမှူးက လော်စပီကာဖြင့် အထက်အမိန့်အရဟု ဆိုကာ စိုက်ကွင်းမှ တောင်သူများ အားလုံး ရွာထဲကို ချက်ချင်းပြန်လာခိုင်းပြီး လယ်တဲများ၌ ကျန်ရှိခဲ့သော ပစ္စည်းများကိုလည်း အမျိုးသမီးများကိုသာ သွားရောက် ယူဆောင်ခွင့်ပြုကြောင်း သိရသည်။
ဓာတ်ပုံ – စစ်တပ်လက်အောက်ခံ အကြမ်းဖက်စစ်သားတချို့။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
