24.9 C
Yangon

စစ်တပ်က နိုင်ငံရေးအတိုက်အခံဟု ယူဆသူများကို အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း အပါအဝင် စနစ်တကျ ညှဉ်းပန်းနှိပ်စက်သော အထောက်အထားများ ရရှိဟု IIMM က ကုလလူ့အခွင့်အရေးကောင်စီတွင် အစီရင်ခံစာတင်သွင်း

Must read

🟥ပြည်သူကို ဗုံးကျဲသတ်ဖြတ်နေသည့် မြန်မာလေတပ်၏ အမိန့်ပေးမှုကွင်းဆက် အထောက်အထားများကို ကုလသမဂ္ဂက စုဆောင်းနေ

ရန်ကုန်၊ စက်တင်ဘာ ၈

အကြမ်းဖက် စစ်တပ်က နိုင်ငံရေးအတိုက်အခံဟု ယူဆသူများကို အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း အပါအဝင် စနစ် တကျ ညှဉ်းပန်းနှိပ်စက်သော အထောက်အထားများ ရရှိထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian က ကုလလူ့အခွင့်အရေးကောင်စီတွင် အစီရင်ခံစာတင်သွင်းလိုက်သည်။

အကြိမ် ၆၀ မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian က ထိုသို့ အစီရင်ခံစာ တင်သွင်းလိုက်ခြင်းဖြစ်သည်။

“၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး နှစ်တိုင်းကျွန်တော် ထပ်တလဲလဲတင်ပြခဲ့တဲ့အတိုင်း ထပ် တင်ပြရမယ်ဆိုရင်၊ မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုများ ပိုမိုကျူးလွန်နေပြီး မြန်မာ ပြည်သူလူထုရဲ့ ဒုက္ခဆင်းရဲများလည်း ဆက်လက်ဆိုးရွားနေပါတယ်။ စစ်တပ်က နိုင်ငံရေးအတိုက်အခံ လို့ ယူဆသူများကို အခြေခံလိုက်နာရမဲ့ ဥပဒေလုပ်ထုံးလုပ်နည်းများမပါဘဲ လူထောင်ချီပြီး ဖမ်းဆီး ခြင်း၊ ထိန်းသိမ်းထားသူများကို ရိုက်နှက်ခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း၊ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများနဲ့ စနစ်တကျ ညှဉ်းပန်းနှိပ်စက်တဲ့ အထောက်အထားများကို ယန္တရားက စုဆောင်း ရရှိထားပါတယ်” ဟု Mr. Nicholas Koumjian က ပြောဆိုသည်။

ထို့ပြင် စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများ၊ အများပြည်သူဆိုင်ရာ အဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှုများကိုလည်း စုံစမ်းစစ်ဆေးနေကြာင်း၊ မြန်မာလေတပ်၏ အမိန့်ပေးမှု ကွင်းဆက် အထောက်အထားများကိုလည်း စုံစမ်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။

“စစ်တပ်က အတိုက်အခံအင်အားစုများနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ အရပ်သားများကို ပစ်မှတ် ထားဖို့ လေကြောင်းတိုက်ခိုက်ရေးကို ပိုအားထားလာပါတယ်။ အနီးဝန်းကျင်မှာ စစ်ရေးဆိုင်ရာ ပစ်မှတ် တွေမရှိဘဲ၊ အိမ်များ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦများ၊ ဒုက္ခသည် စခန်းများနဲ့ စာသင်ကျောင်းများကို ထိမှန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တဲ့အပေါ် ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုများ အရှိန်မြှင့် လုပ်ဆောင် နေပါတယ်။ ဒီရာဇဝတ်မှုတွေမှာ ဘယ်သူက အမိန့်ပေးသလဲ ဖော်ထုတ်ဖို့အတွက် မြန်မာလေတပ်ရဲ့ အမိန့်ပေးမှုကွင်းဆက် အထောက်အထားတွေ ကျွန်တော်တို့ စုဆောင်းနေပါတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မြန်မာစစ်တပ်ရော၊ AA ကပါ ရိုဟင်ဂျာများအပေါ် အလွန်ကြီးလေးသော ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု ၎င်းက ထောက်ပြသည်။

“ရခိုင်ပြည်နယ်ထဲ ကျန်နေတဲ့ ရိုဟင်ဂျာတွေဟာ များသောအားဖြင့် ထိခိုက်နစ်နာသူများဖြစ်ပါတယ်။ နောက်ထပ် ရိုဟင်ဂျာ ၁၅၀,၀၀၀ ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊ ရခိုင်ပြည်နယ်ထဲက လူမျိုးစု အသိုင်းအဝိုင်းအားလုံးလည်း ဒုက္ခရောက်နေပါတယ်။ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် တို့ နှစ်ဖွဲ့စလုံးက ကျူးလွန်ခဲ့တယ်ဆိုတဲ့ အလွန်ကြီးလေးတဲ့ ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး ကျွန်တော် တို့ စုံစမ်းစစ်ဆေးနေပါတယ်” ဟု သူက ဆိုသည်။

လတ်တလော မြန်မာနိုင်ငံတစ်ဝန်း အရပ်သားပြည်သူများကို သတင်းပေးဟု စွပ်စွဲပြီး ဥပဒေမဲ့ စီရင်ကွပ်မျက်မှုများ ရှိနေကြောင်း၊ ယင်းအခြေအနေများနှင့်ပတ်သက်၍ အထောက်အထားများ ရရှိထားကြောင်း၊ အရပ်သားများကို ပစ်မှတ်ထားမှုများကို ရှောင်ရှားကြရန် IIMM က တိုက်တွန်းသည်။

IIMM က ရရှိထားသော မျက်မြင်သက်သေပေါင်း ၆၀၀ ကျော် အပါအဝင် သတင်းပေးအရင်းအမြစ်ပေါင်း ၁၃၀၀ ကျော်မှ အထောက်အထားများကို စုဆောင်းခဲ့ပြီး စိစစ်သုံးသပ်ချက်များ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ အထောက်အထားများကို နိုင်ငံတွင်းနှင့် နိုင်ငံတကာ တရားရုံးများ၏ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုများ လွယ်ကူချောမွေ့စေရေး အတွက် အသုံးပြုကြောင်း၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး တရားစွဲဆိုမှုများအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး၊ အပြည်ပြည်ဆိုင်ရာတရားရုံးနှင့် အာဂျင်တီးနား ဖက်ဒရယ် တရားရုံးတို့ထံသို့ အထောက်အထားနှင့် စိစစ်သုံးသပ်ချက် အများအပြား မျှဝေပြီးဖြစ်ကြောင်း IIMM က ဆက်လက်ထုတ်ပြန်ပြောဆိုသည်။

မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ဗြိတိန်နိုင်ငံနှင့် အခြားတရားစီရင်ပိုင် ခွင့်ရ အာဏာပိုင်များ၏ သီးခြားအချက်အလက် တောင်းဆိုမှုများကို တုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက်တွင်ပါဝင်သည့် အာဆီယံနှင့် လူ့အခွင့် အရေးကောင်စီက မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆိုထားကြောင်း၊ သို့သော်လည်း အကြမ်းဖက်မှုများက တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာကြောင်း IIMM အကြီးအကဲက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပြစ်ဒဏ်ကျူးလွန်သူများကို ပြစ်ဒဏ်မှ ကင်းလွတ်နေသည့် သံသရာ အဆုံးသတ်နိုင်ရေး နိုင်ငံ တကာတရားစီရင်ရေးယန္တရားများကို IIMM က ကူညီရန် အဆင့်သင့်ရှိနေကြောင်း ၎င်းက ရှင်းပြသည်။

“ရာဇဝတ်မှုများကို လျစ်လျူရှု ထားပြီး အပြစ်ပေးအရေးမယူရင်၊ ကျူးလွန်သူများက နောက်ထပ် ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှု များလုပ်ဖို့ ပိုအတင့်ရဲလာမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကင်းလွတ်နေတဲ့ သံသရာကို အဆုံးသတ် ဖို့အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးဆန္ဒရှိရပါမယ်။ ဒီရာဇဝတ်မှုများအပေါ် တရားစွဲလိုမှုနဲ့ တရားစွဲဆိုနိုင် စွမ်းရှိပြီး မြန်မာပြည်သူများရဲ့ ဒုက္ခခံစားမှုကို အဆုံးသတ်ရေး ဆောင်ရွက်လိုတဲ့ သက်ဆိုင်ရာ နိုင်ငံတွင်းနဲ့ နိုင်ငံတကာ တရားစီရင်ခွင့်ရ အာဏာပိုင်များကို ပံ့ပိုးကူညီဖို့ ယန္တရားက အသင့်ရှိနေပါတယ်” ဟု မြန်မာ နိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian က ထုတ်ဖော်ပြော ဆိုသွားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article