ရန်ကုန်၊ စက်တင်ဘာ ၁၀
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်သူလူထု၏ နေအိမ် ၆၀၀ ကျော်ကို စစ်တပ်က လျှော်ကြေးမပေးဘဲ ဖျက်သိမ်းပြီးနောက် မြေ ကွက်အစားထိုးပေးမည်ဟုဆိုကာ အစားထိုးမြေကွက် ၁ ကွက်လျှင် ငွေကျပ် သိန်း ၃၀၀ တောင်းခံလာကြောင်း မြေ ကွက်ဖျက်သိမ်းခံရသည့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နှင့် သာယာအေးရပ်ကွက်ရှိ မြေဧက ၁၁ ဒသမ ၂၃၉ ဧက ပေါ်ရှိ နေအိမ် ၆၀၀ ကျော်ကို စစ်တပ်က ကျူးကျော်နေအိမ်များ အတင်းအကျပ် ဖယ်ရှားကာ လှိုင်ရတနာမြို့ကွက်သစ်စီမံကိန်းကို အကောင် အထည်ဖော်ခဲ့ကြောင်း၊ ပြည်သူအများအပြားမှာ နေအိမ်များဖျက်သိမ်းခံရသည့်အပြင် လျှော်ကြေးလည်းမရရှိကြောင်း၊ ယခုအခါ နေအိမ် အဖျက်ခံခဲ့ရသော ပြည်သူများကို အစားထိုးမြေကွက်အဖြစ် ပေ ၂၀ x ပေ ၆၀ ပေးမည်ဖြစ်ကြောင်း၊ သို့ရာတွင် အစားထိုး မြေကွက် ၁ ကွက်လျှင် သိန်း ၃၀၀ သွင်းရမည်ဟု ပြည်နယ်အစိုးရက တောင်းခံလာကြောင်း သိရှိရသည်။
စစ်တပ်က လှိုင်ရတနာမြို့သစ်စီမံကိန်းတွင် နေအိမ်ဖျက်သိမ်းခံရသည့် ပြည်သူများကို စက်တင်ဘာလ ၇ ရက်နေ့ မောင်လမြိုင်ခရိုင်အထွေထွေဦးစီးဌာနရုံး၊ ရွှေမြိုင်ခန်းမသို့ ခေါ်ယူခဲ့ပြီး ဖယ်ရှားခံရသည့် နေအိမ်များအတွက် ကိုးဝချောင်လမ်းတွင် ပေ ၂၀ x ၆၀ မြေကွက်များထုတ်ပေးမည်ဖြစ်ပြီး အဆိုပါ မြေကွက် ၁ ကွက်လျှင် ငွေကျပ် သိန်း ၃၀၀ ပေးရန် ပြည်သူများထံမှ တောင်းခံလာကြောင်း၊ ထိုသို့ အစားထိုးမြေကွက်များအတွက် ငွေကြေးတောင်းခံမှုကို ခရိုင်ထွေအုပ်ဦးထွန်းဝေက မြေသိမ်းခံရသူပြည်သူများကို တွေ့ဆုံ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“သိမ်းတဲ့ နေရာက ဧက အများကြီး။ ပြန်ပေးတော့ပြည်သူ ၁ ဦးကို ပေ ၂၀ x ၆၀ မြေကွက်လေးတွေ ။ ပြီးတော့ အဲဒီမြေကွက်ကို သိန်း ၃၀၀ လည်း ပေးရဦးမယ်။ ကျေးဇူးလည်း တင်ခိုင်းတယ်။ အခုဟာက ဖျက်သိမ်းခံရတဲ့ ၄၄ အိမ်ကို အရင်ပေးတာ။ မစို့မပို့ပေးပြီး နာမည်ကောင်းယူနေတာ။ တကယ်က သူတို့ သိမ်းသွားတဲ့ ဧကပေါင်းမြောက်မြားစွာကို လျော်ကြေးပေးရမှာ။ သိမ်းခံထားရတုန်းက လျော်ကြေးမရထားဘူး။ သိမ်းထားတဲ့ လယ်ဧကပေါင်းများစွာလည်း ပြန်မပေးဘူး။ ခုက ပြည်သူတွေကို ကျူးကျော်ဆိုပြီး သိမ်းသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မော်လမြိုင်မြို့တွင် လှိုင်ရတနာမြို့ကွက်သစ်စီမံကိန်းကို မော်လမြိုင် အခြေစိုက် ခရိုနီစီးပွားရေးသမား မိုးကျော်က ဦးဆောင် အကောင် အထည်ဖော်နေခြင်းဖြစ်ပြီး မိုးကျော် (ငွေမိုး) က ၄၀ ရာခိုင်နှုန်း နှင့် မွန်ပြည်နယ်စစ်ကောင်စီက ၆၀ ရာ ခိုင်နှုန်း ရှယ်ယာပါဝင်ကြောင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းနှင့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်တို့ကလည်း ရှယ်ယာများ ရရှိကြောင်း သိရှိရသည်။
မွန်ပြည်နယ် စစ်ကောင်စီက ပြည်သူများ၏ မြေကွက်များကို သိမ်းယူပြီးနောက် လှိုင်ရတနာမြို့ကွက်သစ်စီမံကိန်းမှ ပေ ၄၀ နှင့် ပေ ၆၀ မြေကွက် ၁ ကွက်လျှင် ငွေကျပ် သိန်း ၁၅၀၀ ဖြင့်လည်းကောင်း၊ ပေ ၈၀ x ပေ ၆၀ မြေကွက် ၁ ကွက်လျှင် ငွေကျပ် သိန်း ၃၀၀၀ ဖြင့်လည်းကောင်း ဂရန်မြေ အပြီး ထုတ်ပေးပြီး တက်သုတ်ရိုက် ရောင်းချနေကြောင်း၊ မြေ ကွက်များကို လေလံစနစ်ဖြင့်ပါ Lot အလိုက် ရောင်းချနေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


