တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် စစ်သင်္ဘော ၁ စီးနှင့် ပျူစောထီးများ လိုက်ပါလာသော လှေ ၁ စီးကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ကျွန်းစုမြို့နယ်၊ မိုင်းတွေးပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၁ စီးနှင့် ပျူစောထီးများ လိုက်ပါလာသော လှေ ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များက မိုင်းတွေးပျူစောထီးရွာအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးကာ သင်္ဘော ၂ စီးလုံး ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထို့ပြင် တိုက်ခိုက်မှု အတွင်း သင်္ဘောပေါ်မှ ပြုတ်ကျသေဆုံးခဲ့သော စစ်သားနှင့် ပျူစောထီးအလောင်းများကိုလည်း စစ်တပ်က အလောင်းလာကောက်ခြင်း မရှိကြောင်း သိရှိရသည်။
“ကျနော်တို့က သူတို့ ပျူစောထီးရွာနားမှာပဲ ၂ ဖက်ညှပ်ပြီး ပစ်ခတ် တိုက်ခိုက်တာ စစ်ခွေး သင်္ဘော ၂ စီးလုံး ကျည်ထိထားတာ အများကြီးပဲ အနီးကပ်ကိုပစ်တာ စစ်ခွေးတွေ အသေများတယ်။ အနည်းဆုံးခန့်မှန်းကတော့ ၁၀ ကောင် ထက်မနည်းသေဆုံးနိုင်တယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း အများကြီးပဲ တိုက်ပွဲအတွင်းမှာ ကျည်ထိပြီး လှေပေါ်က ပြုတ်ကျသွားတဲ့ စစ်ခွေးတွေလည်းရှိတယ်။ အလောင်းတောင် မကောက်နိုင်ဘူး။ စစ်ခွေးတွေ ပြန်လှည့်ပြေးတာ” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျွန်းစုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ အတုအယောင် တရားမဝင် ရွေးကောက်ပွဲ ဆောင်ရွက်ခြင်း ရှိမရှိကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပကဖ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


