ရန်ကုန်၊ စက်တင်ဘာ ၁၁
ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ဗိုလ်မှူးဇော်မျိုးနောင်၊ ရဲမှူး ထိုက်လင်းဦးဆောင်သော စစ်တပ်နှင့်ပျူစောထီးအဖွဲ့များက စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးလျက်ရှိရာ ၁၅ ရက်အတွင်း လူငယ် ၃၀၀ ကျော် ဖမ်းဆီးခံရကြောင်း မြို့ခံပြည်သူများနှင့်ဒေသကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။
စစ်မှုထမ်းအပတ်စဉ် ၁၇ အတွက် ဩဂုတ်လ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလ်မှူးဇော်မျိုးနောင်၊ ဖြူးမြို့နယ်ရဲတပ်မှူး ရဲမှူးထိုက်လင်းတို့က ဦးဆောင်သော စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက နေ့စဉ် နေ့တိုင်း ပေါ်တာဆွဲ ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင်း၊ ဖြူးမြို့နယ်တွင် နေ့ရော ညပါ ပေါ်တာဆွဲ ဖမ်းဆီးသဖြင့် နေ့စဉ် လူငယ် ၂၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ၁၅ ရက်အတွင်း လူငယ် ၃၀၀ နီးပါး ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း သိရှိရသည်။
ဖမ်းဆီးရရှိသော လူငယ်များကို ငွေကြေးတတ်နိုင်ပါက တစ်ဦးလျှင် ငွေကျပ် ၂၅ သိန်းမှ ၅၅ သိန်းအထိ တောင်းယူ၍ ပြန်လည် လွှတ်ပေးပြီး ငွေကြေးမတတ်နိုင်သော သူများကို စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်ကြောင်း၊ ဖမ်းဆီးခံရသူများတွင် ဖြူးမြို့မှ လူငယ်များပါဝင်သကဲ့သို့ အခြားမြို့နယ်များမှ ခရီးသွားလူငယ်များပါ ပါဝင်ကြောင်း သိရှိရသည်။
“ဖြူးမြို့ပေါ်ရပ်ကွက်များနှင့် မြို့အဝင်အထွက်များတွင် စစ်မှုထမ်းအလွန်အကျွံဖမ်းဆီးနေတာ။ ဖြူးမြို့ပေါ်တွင် ပြည်သူလူအလွန်ဒုက္ခရောက်နေရပါတယ်။ ယခင်ကဆို အပတ်စဥ်အတွက်လူလိုချိန်ကာလတစ်ခုပဲဖမ်းပေမယ့် အခုကတော့ နေ့စဉ်နေ့တိုင်း ကား ၃ စီးနဲ့ ဖြန့်ကျက်ပြီး လိုက်ဖမ်းဆီးနေတယ်။ လက်လုပ်လက်စားသမားနေ့စားသမားများ လွန်စွာဒုက္ခရောက်ရသလို လူငယ်တွေ ဖမ်းဆီးမိလျှင်လည်း အနည်းဆုံး 25 သိန်းမှ 55 သိန်းထိပြန်လည်ရွေးယူနေရပါတယ်။ မရွေးနိုင်သူတွေကို တောင်ငူနှစ်ဆောင်ပြိုင်(စစ်တပ်က ဖမ်းဆီးသူများကို စုဆောင်းရာနေရာ) သို့ပို့ဆောင်လိုက်ပါတယ်။ တကယ်တော့ ဖြူးမြို့မှာဖြစ်နေတာ လူပြန်ပေးဆွဲတဲ့ပုံစံဖြစ်နေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဖြူးမြို့နယ်အတွင်း ပေါ်တာဆွဲဖမ်းဆီးခံရသော လူငယ်များကို ငွေကြေးဖြင့် ပြန်လည် ရွေးယူ ထုတ်ပေးရာမှ ရရှိသော အကျိုးအမြတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးဇော်မျိုးနောင်က အဓိက ဦးစီး ခွဲဝေပေးပြီး အဆင့်ဆင့် ငွေကြေး ရရှိကြောင်း၊ ထိုသို့ ပြန်ပေးဆွဲ ငွေကြေးတောင်းယူမှုများကို လိုလိုလားလား လုပ်ဆောင်မည့် သူများကိုသာ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများအဖြစ် ဗိုလ်မှူးဇော်မျိုးနောင်က ခန့်အပ်ကြောင်း သိရှိရသည်။
“သူတို့က လက်ရဲဇက်ရဲ မဟုတ်တာလုပ်တဲ့သူတွေကို အုပ်ကြီးရာထူးပေးတာ။ ဘာပညာစာတတ်ပေတတ်များမဟုတ်ဘဲ သူခိုင်းတာလုပ်သောသူများကိုသာ ခန့်အပ်ထားတာပါ။ ဥပမာဆိုရင် ထန်းကုန်းအုပ်ကြီး ဝင်းကျော်သူ၊ စျေးပိုင်းအုပ်ကြီး ကိုပု ဘူတာတောင်အုပ်ကြီးစာပလော ဆို့ဆိုရင် ပျူစောထီးလည်းဖြစ်တယ်၊ အုပ်ကြီးတွေလည်းဖြစ်တယ်။ တကယ့်ကို လူငယ်တွေကို ဖမ်းငွေတောင်းတဲ့ ပြန်ပေးဆွဲနေသူတွေ။ ဖမ်းဆီးလို့ရတဲ့ လူငယ်တွေကို ထွေ/အုပ်ရုံးမှာ ဖမ်းချုပ်တယ်။ စျေးပိုင်း အုပ်ကြီးကိုပု၊ တပ်ကြပ်ကြီးဝင်းနိုင်၊ ကိုပြည့် တို့မှစာရင်းပြုစုတယ်။ ငွေနဲ့ လာရွေးခိုင်းတယ်။ ရတဲ့ငွေကို ဗမ ဇော်မျိုးနောင် ဖြူးမြို့ နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးထိုက်လင်းတို့က အဓိက ယူတယ်။ ကျန်တာကိုတော့ ဖမ်းဆီးရေးလုပ်တဲ့ ထွေအုပ်ရုံး ပျူစောထီး ပြည့်သူ့စစ်တို့မှ ခွဲဝေမျှယူကြပါတယ်။ ဒီလူပြန်ပေးဆွဲငွေရွေးမှုဟာ ဘယ်လောက်ထိဆိုးဝါးကျယ်ပြန့်နေသလဲဆို ပွဲစားတွေပါပေါ်ပေါက်လာတဲ့အထိ အကျင့်ပျက်ကျယ်ပြန့်နေပါတယ်။ လက်လုပ်လက်စား ရေသန့်ပို့မည့်လူငယ်တောင် မရှိတော့ဘူး” ဟု ဒေသပြည်သူက ရှင်းပြသည်။
စစ်တပ်က ဖြူးမြို့နယ်အတွင်း PDF များ ဝင်ရောက်လာနိုင်သည်ဆိုသော ယူဆချက်ဖြင့် လုံခြုံရေး တင်းကျပ်မှုများ၊ ဧည့်စာ ရင်း စစ်ခိုင်းမှုများ အပါအဝင် နယ်မြေလုံခြုံရေး တင်းကျပ်ခိုင်းထားရာ ဖြူးမြို့နယ်မှ နယ်မြေခံ စစ်တပ်၊ ရဲ၊ ပျူစောထီး၊ အုပ်ချုပ်ရေးမှူးများအတွက် အခွင့်အရေးတစ်ခုသဖွယ်ဖြစ်နေကြောင်း သိရှိရသည်။
“သူတို့ အပေါ်ကတော့ ဖြူးမြို့နယ် အမည်းရောင်နယ်မြေဖြစ်လို့ လုံခြုံရေး တင်းတင်းကျပ်ကျပ်လုပ်ဖို့ ညွှန်ကြားထားတာ။ ဖြူးက တပ်၊ ရဲနဲ့ ပျူစောထီးတွေက လုပ်စားဂွင်ကြီးဖြစ်နေတာ။ လူငယ်ရှိရင် အိမ်ပေါ်အထိ တက်ဖမ်းတာ။ မိဘတွေလည်း စိတ်ဆင်းရဲကြတော့ လူငယ်မှန်သမျှ ထိုင်းကို ထွက်ကုန်ကြတာပဲ။ ရှိတဲ့လူငယ်လည်း သိုသိုသိပ်သိပ်နေရတယ်” ဟု ဖြူးမြို့နယ်မှ ကင်းထောက်လူငယ်က ရှင်းပြသည်။
ဖြူးမြို့နယ်က ပုံမှန် စစ်မှုထမ်း အပတ်စဉ်တစ်ခုအတွက် လူငယ် ၆၀၀ နှင့် ၈၀၀ အကြား စုဆောင်းပြီး စစ်တပ်အတွက် လူသစ် စုဆောင်းပေးလျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော စစ်မှုထမ်းပေးပို့မှု စာရင်းများအရ သိရှိရသည်။
ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူငယ်များကို စစ်တပ်က အကြမ်းဖက် ဖမးဆီးခဲ့စဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
