စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ နဘူးတောရွာရှိ စစ်ဘေးရှောင် ပြည်သူများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် ဘွန့်ဘွေး ပျူစောထီးရွာတွင် အထိုင်ချထားသော အကြမ်းဖက် စစ်တပ်က ယင်းမာပင်မြို့နယ် နဘူးတောရွာမှ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော တောစပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး စစ်ဘေးရှောင် အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ပြည်သူ ၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦးမှာ ဒဏ်ရာအခြေအနေ ပြင်းထန်ကြောင်း သိရှိရသည်။
ထို့ပြင် ဘွန့်ဘွေးပျူစောထီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း နဘူးတောရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူများဖမ်းဆီးကာ နေအိမ်များ အတွင်းရှိ ပစ္စည်းများကို စစ်ကားပေါ်တင်ခိုင်းခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် ဘွန့်ဘွေး ပျူစောထီးရွာကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
“ဘန့်ဘွေးရွာက စစ်ခွေးတွေက စက်တင်ဘာလ ၉ ရက်နေ့ ညဦးပိုင်းမှာ နဘူးတောရွာကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းကာ လူငယ် ၁ ဦး တင်ပါးကိုကျည်မှန်တယ်။ ပြီးတော့ ရွာထဲက ပြည်သူတွေကို ချောဆွဲပြီး ပြည်သူပိုင် ပစ္စည်းတွေ စစ်ခွေး ကားတွေပေါ် တင်ခိုင်းတယ်။ အဲလိုတင်သွားပြီး စစ်ခွေး စစ်ကြောင်းက ဘန့်ဘွေးရွာကို ပြန်ဆုတ်သွားတယ်။ စစ်ခွေးတွေ ပြန်ဆုတ်သွားပြီးတဲ့ နောက်မှာ ဘန့်ဘွေးရွာကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်လို့ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေနေတဲ့ တောစပ်ကို လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲပြီး အမျိုးသမီ ၂ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ၈ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ဘန့်ဘွေးပျူစောထီးကျေးရွာတွင် တပ်စွဲထားခြင်းဖြစ်ပြီး အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်ထိုးဝင်ရောက် စီးနင်းခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


