25.5 C
Yangon

ဗန်းမော်မြို့မှ သံချပ်ကာ တပ်ရင်းနှင့် ခလရ ၂၃၆ ကို စစ်တပ်က ပြန်လည် ရယူသွားသော်လည်း KIA ပူးပေါင်းတပ်များ ဗန်းမော်မြို့ပေါ် နေရာများတွင် ဆက်လက် ဖြန့်ကျက်ထား၊ ဗန်းမော်မြို့ကို အပြီးသတ် သိမ်းယူနိုင်ရေး ဆက်လက် ထိုးစစ်ဆင်မည်

Must read

🟥 ဗန်းမော်တိုက်ပွဲများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၆၁၆ ဦး ကျဆုံးသည်ဟု စစ်တပ်က မဟုတ်မမှန် စိတ်ဓာတ်စစ် ဆင်ရေး ဝါဒဖြန့်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ သံချပ်ကာ တပ်ရင်းနှင့် ခလရ ၂၃၆ ကို KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားရာမှ စစ်တပ်က ပြန်လည် ရယူသွားသော်လည်း KIA မဟာမိတ်ပူးပေါင်းတော်လှန်ရေးတပ်များအားလုံး ဗန်းမော်မြို့ပေါ်တွင် ဆက်လက် ဖြန့်ကျက်နေရာယူကာ ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်က ခံစစ်လုပ်ထားသော စကခ ၂၁ ဌာနချုပ်အနီးမှ သံချပ်ကာ တပ်ရင်းနှင့် ခလရ ၂၃၆ ကို ပြန်လည် ရယူသွားကြောင်း၊ KIA ပူးပေါင်းတပ်များက ပြန်လည် ဆုတ်ခွာခဲ့ရသော်လည်း ဗန်းမော်မြို့ပေါ် တစ်ခုလုံးတွင် ဖြန့်ကျက်နေရာယူကာ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက် ဆင်နွှဲနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဗန်းမော် အခြေအနေက စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာ စကခ ၂၁ ဌာနချုပ်အနီးက သံချပ်ကာ တပ်ရင်းနဲ့ ခလရ ၂၃၆ ကို သူတို့ ပြန်ထိန်းချုပ်တယ်။ ကျန်တဲ့နေရာတွေမှာတော့ သူတို့နဲ့ ကျနော်တို့ တိုက်ပွဲဖြစ်နေတုန်းပဲ။ ကျနော်တို့ တပ်တွေအားလုံးရှိနေတယ်။ အခုလည်း တိုက်ပွဲဖြစ်နေတယ်။ ကျနော်တို့ ဆုတ်ခွာလိုက်ရတဲ့နေရာတွေရော ဗန်းမော်မြို့ကို အပြီးသတ် သိမ်းယူနိုင်ရေး ဆက်ပြီးတော့ ထိုးစစ်ဆင်မှာပါ။ ကြိုးစားနေတယ်။ မြို့သိမ်းနိုင်ဖို့ ဆက်ပြီး ထိုးစစ်ဆင်နေတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။

စစ်တပ်၏ သတင်းထုတ်ပြန်မှုတွင် KIA ပူးပေါင်းတပ်များဘက်မှ တပ်ဖွဲ့ဝင် ၄၆၁၆ ဦး ကျဆုံးကြောင်း သတင်းထုတ်ပြန်ထားမှုမှာလည်း မှန်ကန်မှုမရှိဘဲ စစ်တပ်က စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ရှင်းပြသည်။

“ကျဆုံးတာတွေရှိတယ်။ သူတို့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက အမှန် မဟုတ်ဘူး။ သူတို့က စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာမျိုး” ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်လက်ပြောဆိုသည်။

ဗန်းမော်မြို့မှ KIA ရှေ့တန်းသတင်းရင်းမြစ်ကမူ ၁၀ လနီးပါး တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၁၀၀၀ နီးပါး သေဆုံးထိခိုက်ခဲ့ကြောင်း၊ တော်လှန်ရေးတပ်များဘက်မှလည်း ထိခိုက်သေဆုံးမှု ရှိသော်လည်း စစ်တပ်၏ သေဆုံးမှုနှင့် နှိုင်းယှဉ်လျှင် အလွန် နည်းပါးကြောင်း ပြောဆိုသည်။

ဗန်းမော်မြို့ကို သိမ်းယူနိုင်ရေး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက KIA ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ၁၀ လနီးပါးကြာမြင့်သည်အထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ စစ်တပ်က ဒရုန်း၊​ လေကြောင်းပစ်ကူများဖြင့် ခုခံနေကြောင်း၊ KIA ပူးပေါင်းတပ်များအနေဖြင့် ဗန်းမော်မြို့ကို အပြီးသတ် သိမ်းယူနိုင်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူ၏ ပြောဆိုချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article