31 C
Yangon

စစ်တပ်၏ ရွေးကောက်ပွဲတွင် အခက်အခဲများကြုံနေရပြီး ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးအတွက် ယှဉ်ပြိုင်ခြင်းဖြစ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် ဦးကိုကိုကြီး တောင်းဆိုပြန်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲတွင် အခက်အခဲများကြုံနေရပြီး ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးဖြစ်ပေါ်စေရန် ယှဉ်ပြိုင်ခြင်းဖြစ်၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက စက်တင်ဘာလ ၁၃ ရက်နေ့တွင် စာရေးသားပေးပို့ တောင်းဆိုသည်။

အကြမ်းမဖက်ဘဲ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးဖြစ်ပေါ်စေရန် ပြသလိုသဖြင့် စစ်တပ်၏ ရွေး ကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန် စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံသို့ ဦးကိုကိုကြီးက စာရေးသား ပေးပို့‌ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ပါတီက အကြမ်းမဖက် ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေး ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာစေ ရန် ရွေးကောက်ပွဲဝင်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းရန် ရက် ကို ရွေးကောက်ပွဲ မတိုင်မီရက် ၉ဝ ဖြစ်သော စက်တင်ဘာလ ၂၇ ရက်သို့ အချိန်တိုးပေးရန်၊ ဝင်ရောက်ယှဉ် ပြိုင်ရမည့် ကိုယ် စားလှယ်လောင်းအရေအတွက်မှာ မဲဆန္ဒနယ်အားလုံး၏ သုံးပုံ တစ်ပုံသို့ လျှော့ချ ပေးရန် ၊ သွားလာရန် ခက်ခဲသော မြို့နယ်များအတွက် Onlineမှ ဆောင်ရွက်ခွင့်ပြုနိုင်ပါရန် စာပေးပို့ထားသည်။

နိုင်ငံတော်၏အခြေအနေမှာ ၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာထားရပြီး ၂၆၇ မြို့ နယ်တွင်သာ ရွေးကောက်ပွဲပြုလုပ်နိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောကြား ထားသော်လည်း မြို့နယ် ၃၃၀ ပေါ်တွင် အခြေခံကာ မဲဆန္ဒနယ်မြေ ၈၃၃ ခု သတ်မှတ်ထားကြောင်း၊ နိုင်ငံရေးများ ပါတီမှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီရုံးခန်းများဖွင့်လှစ်ရန် အရေအတွက်ကို မြို့နယ် အားလုံး၏ ထက်ဝက်ကျော်မှ သုံးပုံတစ်ပုံအထိ ဖြေလျော့ပေးခဲ့သော်လည်း ရွေးကောက်ပွဲကို မြို့ နယ် ၃၃၀ အပေါ်တွင် အခြေခံ၍ သတ်မှတ်ထားသော မဲဆန္ဒနယ်အားလုံး၏ ထက်ဝက်ကျော် ဝင် ရောက်ယှဉ်ပြိုင်ရမည် ဆိုသည်မှာ လက်တွေ့အားဖြင့် ဆောင်ရွက်နိုင်ရန် အခက်အခဲများစွာ ကြုံတွေ့ နေရကြောင်း ဦးကိုကိုကြီးက ဆိုသည်။

လက်ရှိ လုံခြုံရေး အခြေအနေကြောင့် ကော်မရှင်ရုံးပင်မရှိ၊ သွားရောက်ရန် မဖြစ်နိုင်သော မြို့နယ်များပါ ထည့်သွင်းပြီး မဲဆန္ဒနယ်သတ်မှတ်ထားခြင်းကြောင့် မဲဆန္ဒနယ်မှာ သုံးပုံတစ်ပုံအထိ ဖြေလျော့ပေး သင့်ပါကြောင်း၊ ထို့အပြင် PR ကိုယ်စားလှယ်လောင်းအပြည့်ဝင်မှသာ FPTP ကိုဝင်ခွင့်ပြုမည် ဆိုသောကြောင့် လည်း FPTP ဝင်ရောက်ရန် အဟန့်အတားဖြစ်နေရသည်ဟု ဦးကိုကိုကြီးက ဆက်လက်ပြောဆိုသည်။

စစ်ကိုင်းတိုင်းလွှတ်တော်အတွက် FPTP မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်း ၁ ဦးဝင်နိုင်ရန် PR မဲဆန္ဒနယ် ၁၇ မြို့နယ်တွင် ကိုယ်စား လှယ်လောင်း ၁၇ ဦး ဝင်ရမည်ဟု ညွှန်ကြားထားသဖြင့် ဘဏ္ဍာရေး၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ် သွားလာရေး အခက်အခဲများစွာ ကြီးမားပါကြောင်း၊ PR မဝင်နိုင်၍ မဝင် ခြင်းသည် PR မှရရှိမည့် အခွင့်အရေးကို စွန့်လွှတ်ခြင်းသာဖြစ်ပြီး FPTPအခွင့်အရေးကို စွန့်လွှတ်ရန် မလိုဟု ထင်မြင်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများပါ၀င်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များအတွက် ဒေသခံ တိုင်းရင်းသားများဟု ပြင် ဆင်ပြဋ္ဌာန်းလိုက်သောကြောင့်လည်း ကိုယ်စားလှယ်လောင်း ရှာဖွေရန်ခက်ခဲပြီး သန်းခေါင်စာရင်း ပြောင်းရွေ့ဝင်ရောက်၍ မရနိုင်ကြောင်း ၎င်းက ဆိုသည်။

PR စနစ်သည် ပါတီငယ်များအတွက် အခွင့်အရေးပိုရနိုင်သည်ဟု ယူဆကြသော်လည်း လက်တွေ့ တွင် FPTP စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကိုပါ ရုပ်သိမ်းခံရသည့်သဘော ဖြစ်နေကြောင်း ဦးကိုကို ကြီးက ထောက်ပြသည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင်လည်း လမ်းပန်း ဆက်သွယ် ရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း၊ ဥပမာ-နောင်ချိုမြို့နယ်မှ ပြည်သူ့ လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်အတွက် လားရှိုးမြို့သို့ သွားရောက်တင်သွင်း ရပြီး အမျိုးသား လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်များအတွက် တောင်ကြီးမြို့သို့ သွား ရောက်တင်သွင်းရကြောင်း၊ မြိတ်မြို့နယ်မှ ထားဝယ်မြို့သို့ သွားရောက် တင်သွင်းရကြောင်း၊ ထို့ ကြောင့် သတ်မှတ်အချိန်၊ နေ့ရက်အတွင်း ရုံးကိစ္စများ ပြီးမြောက်ဆောင်ရွက်ရန် အခက်အခဲများ ရှိကြောင်း ဦးကိုကိုကြီးက ဆိုသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်သုံးရပ် မဲဆန္ဒနယ် ၁၂၁ နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ကြေညာခဲ့ပြီး ရခိုင်ပြည်နယ်တွင် AA ထိန်းချုပ် နယ်မြေ ၁၁ မြို့နယ်တွင်​ ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း ကြေညာသည်။

စစ်တပ်က ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ်များမှာ ရခိုင်ပြည်နယ်တွင် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးနှင့် ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ် တို့ပါဝင်သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ စုစုပေါင်း မဲဆန္ဒနယ် ၁၂၁ ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ရာတွင် ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒနယ် ၅၆ ခု၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၉ နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၅၆ နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်မည် မဟုတ်ကြောင်း သိရှိရသည်။

စစ်တပ်က ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ကြေညာသော မဲဆန္ဒနယ်မြေများမှာ ကချင်ပြည်နယ်တွင် ၄ မြို့နယ်၊ ကယား ပြည် နယ်တွင် ၃ မြို့နယ်၊ ချင်းပြည် နယ်တွင် ၄ မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၀ မြို့နယ်၊ မကွေး တိုင်းတွင် ၅ မြို့နယ်၊ မန္တလေးတိုင်းတွင် ၃ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁၀ မြို့နယ်နှင့် ရှမ်းပြည်နယ်က ၁၇ မြို့နယ် တို့ ဖြစ်သည်။

ဓာတ်ပုံ – ၂၀၂၂ ခုနှစ် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဦးကိုကိုကြီး တက်ရောက်ပြီး အကြမ်းဖက် မင်းအောင်လှိုင်ကို လက်ဆွဲ နှုတ်ဆက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၂ ခုနှစ် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဦးကိုကိုကြီး တက်ရောက်ပြီး အကြမ်းဖက် မင်းအောင်လှိုင်ကို လက်ဆွဲ နှုတ်ဆက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article