လူငယ်များ ပြည်ပထွက်ခွာနေမှုမှာ စစ်မှုထမ်းဥပဒေကြောင့် ဖြစ်သည်ကို စစ်တပ်က မသိကျိုးကျွံ့ပြုပြီး အလုပ်အကိုင်သစ်များ ဖန်တီးပေးရန် လုပ်ငန်းရှင်များကို ဖိအားပေး
ရန်ကုန်၊ စက်တင်ဘာ ၁၉
မြန်မာလူငယ်များ ပြည်ပနိုင်ငံများသို့ တရားမဝင် ထွက်ခွာမှု အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ထွက်ခွာနေမှုကို တားဆီးပေးရန် စစ်တပ်က လုပ်ငန်းရှင်များကို အကူအညီတောင်းလာကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ကော်မရှင်ဝန်ကြီး ကိုကိုလှိုင်က စက်တင်ဘာလ ၁၇ ရက်နေ့ ရန်ကုန်မြို့၊ UMFCCI သို့ လာရောက်ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံမှ လူငယ်များနှင့် အလုပ် သမားများ ပြည်ပနိုင်ငံများသို့ တရားမဝင် ထွက်ခွာနေမှုများကို လျှော့ချနိုင်ရေး အကူအညီပေးကြရန် နှင့် အလုပ်အကိုင်အသစ်များ ဖန်တီးပေးရန် ဖိအားပေးလာကြောင်း သိရှိရသည်။
“လူငယ်တွေနဲ့ အလုပ်သမားတွေ တရားဝင်ရော၊ တရားမဝင်ရော ပြည်ပထွက်တာတွေ အရမ်းများနေတယ်။ အဲဒါကြောင့် အဲဒါကို လျှော့ချနိုင်ဖို့ တားဆီးနိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေအနေ နဲ့ အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးဖို့၊ လုပ်ငန်းခွင်မှာ သက်သာချောင်ချိရေးနဲ့ ထိုက်သင့်တဲ့ လစာတွေ ပေးကြဖို့ ဝန်ကြီး ဦးကိုကိုလှိုင်က ပြောတယ်။ အဓိက နိုင်ငံတော်ဘက်ကလည်း သူတို့ လုပ်ပေးနိုင်တာ ရှိရင် တင်ပြပါ။ အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးကြပါဆိုပြီး ဖိအားပေးတာပေါ့။ ဒါပေမယ့် လူငယ်တွေ ပြည်ပကို ထွက်ခွာနေတာက အလုပ်အကိုင်မရှိတာထက် စစ်မှုထမ်းဥပဒေကြောင့် ဆိုတာက သိသိကြီးနဲ့ မသိကျိုးကျွံ့ပြုပြီး ပြောနေတာ” ဟု UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။
အခြားတစ်ဖက်တွင်လည်း စစ်တပ်က ပြည်ပသို့ လူငယ်များ တရားဝင်ထွက်ခွာနေမှုများကို ရန်ကုန်လေဆိပ်၊ မန္တလေးလေဆိပ်တွင် တားဆီးလျက်ရှိသောကြောင့် တရားဝင်လမ်းကြောင်းဖြင့် ပြည်ပထွက်ခွာမှုများ အလွန်လျော့ကျသွားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်ထွက်ခွာမှုများ တိုးပွားလာနေကြောင်း စုံစမ်းသိရှိရသည်။
” လေဆိပ်မှာ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အထိ အလည်အပတ်ရော အလုပ်အကိုင်ရော ထွက် ဖို့ အတော်ကို ခက်ခက်ခဲခဲဖြစ်လာတယ်။ စစ်ဆေးရေးအဖွဲ့ကလည်း အလည်အပတ်ဆိုရင် လေ ယာဉ်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ ဗီဇာ၊ Show Moneyပေါ့။ အလုပ်အကိုင်နဲ့ဆိုရင် OWIC ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့် ပြုချက် အစုံအလင် ပါတာတောင် ပေးမထွက်တာတွေရှိနေတော့ လေဆိပ်ကနေ ထွက်တာ အတော်ကို နည်းသွားတယ်။ ထွက်လို့ရနေတဲ့သူတွေကလည်း VIP လမ်း ကြောင်းနဲ့သွားရင်သွား၊ မဟုတ်ရင် တပ်နဲ့ပတ်သက်တဲ့ သူတွေပဲ အများစု ထွက်ခွင့်ရကြတယ်။ နယ်စပ်ကနေ တရားမဝင် ထွက်ကြတာ အရမ်းများလာတယ်” ဟု ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ MoU အလုပ် သမား ပို့ဆောင်ပေးနေသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ မန်နေဂျာတစ်ဦးက ဆိုသည်။
ယခင်က တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်ပြီး ပြည်ပနိုင်ငံများသို့ ဆက်လက်ထွက်ခွာမှုများ ရှိခဲ့သော်လည်း ယခုအခါ စစ်တပ်က နည်းလမ်းမျိုးစုံဖြင့် တင်းကျပ်နေသဖြင့် တာချီလိတ် လမ်း ကြောင်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တရားဝင် ထွက်ခွာရေးမှာလည်း ခက်ခဲလာကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်မှုထမ်း ဥပဒေကို တိမ်းရှောင်ရန်အတွက် လူငယ်များမှာ မလေးရှားနှင့်ထိုင်းနိုင်ငံတို့ဆီသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် သွားရောက်လျက်ရှိကြောင်း၊ မြ၀တီ၊ ဘုရားသုံးဆူ၊ ထားဝယ်မောတောင်လမ်းကြောင်းများမှာ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်နေသည့် လမ်းကြောင်းများ ဖြစ်ကြောင်း သိရှိရသည်။
“ဘုရားသုံးဆူ-ကန်ချနဘူရီကတော့ အခု အသုံးအများဆုံး လမ်းကြောင်း ဖြစ်နေတယ်။ မြ၀တီနဲ့ ထား ဝယ်ဘက်ကတော့ တိုက်ပွဲတွေ ဖြစ်တော့ ဒေသခံလောက်ကလွဲရင် သိပ်မသုံးကြဘူး။ ထိုင်းဘက်ကို တရားမဝင်ကူးကြတာအပြင် ထိုင်းကနေ တစ်ဆင့် မလေးရှားဘက်ကို သွားကြတာလည်း များတယ်။ နေ့စဉ်ဆိုရင် ၅၀၀ နဲ့ ၁၀၀၀ အကြား သွားနေကြတာ။ လူငယ်လေးတွေ မြို့ပြက လာတဲ့ ငယ်ငယ်ချောချောလေးတွေ” ဟု ဘုရားသုံးဆူမှတစ်ဆင့် ကန်ချနဘူရီသို့ ကူးလူးသွားလာနေသည့် နယ်စပ်ကုန်သည် လည်းဖြစ်၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့်ဆက်စပ်သူလည်းဖြစ်သူ သတင်းရင်းမြစ်က ရှင်းပြသည်။
သို့ရာတွင် မြန်မာလူငယ်များက တရားမဝင် နယ်စပ်ဖြတ်ကျော် ပြည်သို့ ထွက်ခွာနေရာတွင် ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရမှုမှာ တစ်ပတ်အတွင်း လူဦးရေ ၃၀၀၀ ကျော်အထိ ရှိလာကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကူညီပေးနေသည့် အေအေစီကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံတွင်း မြန်မာနိုင်ငံသား အများအပြားတရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရမှုများ ထိုင်းသတင်းများတွင် မကြာခဏဆိုသလို ဖော်ပြနေကြခြင်းဖြစ်သည်။
“အခုစုံစမ်းထားသလောက် အစုလိုက်အပြုံလိုက်ဖမ်းဆီးခံရတာမျိုးတွေတင်မကဘဲ တစ်ဦးစ ၂ ဦးစ မကြာခဏဆိုသလို ဖမ်းဆီးခံရမှုတွေ အများကြီးရှိတယ်။ တစ်ပတ်အတွင်းမှာကို မြန်မာနိုင်ငံသား ဖမ်းဆီးခံရတာ ၃၀၀၀ ကျော်ရှိတယ်။ အဲဒီထက် ပိုရင်ပဲ ပိုမယ် မလျော့ဘူး”ဟု အေအေစီကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ထို့ပြင် ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့တစ်ရက်အတွင်း ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရား မဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၆၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
လက်ရှိတွင် အကြမ်းဖက်စစ်တပ်က မြန်မာနိုင်ငံအတွင်း မတရားစစ်မှုထမ်းဥပဒေကို အတင်းအကျပ်အကောင်အထည်ဖော်နေသည့်အပြင် ပေါ်တာဆွဲဖမ်းဆီးမှုများ နေရာအနှံ့လုပ်ဆောင်နေသည့်အတွက် လူငယ်များ ပြည်ပထွက်ခွာရန် နည်းမျိုးစုံနှင့် ပိုမိုကြိုးပမ်းလာနေကြခြင်း ဖြစ်သည်။
“အခု ထိုင်းအစိုးရက မြန်မာကို ပစ်မှတ်ထားဖမ်းနေတာမျိုး မဟုတ်ပေမယ့် မြန်မာကနေ ထွက်လာသူတွေ များနေလို့ကို ဖမ်းဆီးခံရသူတွေ များလာတာ။ ပွဲစားက ကြုံရာထားခဲ့တာ၊ ပွဲစားစောင့်ခိုင်းတဲ့ နေရာမှာ စောင့်နေရင်း ဖမ်းခံရတာ အမျိုးမျိုးပေါ့”ဟု အေအေစီကိုရဲမင်းက ပြောပြသည်။
အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသား လူငယ်များကို ပြည်ပသို့ အလုပ် အကိုင်ဖြင့် ထွက်ခွာမှုများကို လုံး၀ ခွင့်မပြုဘဲ အမိန့်ထုတ်ပြန် တားမြစ်ထားသည်။
ဓာတ်ပုံ – ပြည်ပနိုင်ငံများသို့ ရန်ကုန်လေဆိပ်မှ ထွက်ခွာနေကြသည့် မြန်မာလူငယ်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



