28.5 C
Yangon

မင်းဘူးမြို့နယ်တွင် လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်နှင့် ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဝင်ရောက်ပြီး စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

မကွေးတိုင်း၊ မင်းဘူးမြို့နယ်တွင် လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်နှင့် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များအထဲပါ စစ်တပ်က ဝင်ရောက်ပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း မင်းဘူးမြို့နယ်အခြေစိုက် ပရဟိတအဖွဲ့ဝင်တချို့နှင့် ကင်းထောက်အဖွဲ့တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုစက်တင်ဘာလအတွင်း စစ်တပ်က မင်းဘူးမြို့နယ်နှင့် စကုမြို့တို့တွင် ပေါ်တာဆွဲမှုများကို နေ့ရော ညပါ ဆောင်ရွက်လာကြောင်း၊ လမ်းဆုံလမ်းခွများတွင်သာ ပေါ်တာဆွဲ ဖမ်းဆီးခြင်းမဟုတ်တော့ဘဲ လက်ဖက်ရည်ဆိုင်နှင့် ဘီယာဆိုင်များအတွင်းအထဲသို့ပါ ဝင်ရောက်ပြီး ဆိုင်ထိုင်နေသော လူငယ်များ၊ ဆိုင်ဝန်ထမ်းများကိုပါ ဖမ်းဆီးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း မင်းဘူးမြို့ပေါ်ရှိ ထွန်းကျော်သန့် ဆောက်လုပ်ရေးပစ္စည်းဆိုင် ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆိုင်ဝန်ထမ်းလူငယ်များကို စစ်မှုထမ်းရမည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း၊ ထို့ပြင် လက်ဖက်ရည်ဆိုင်နှင့်ဘီယာဆိုင်များကိုလည်း ညပိုင်းအချိန် ဝင်ရောက်၍ မှတ်ပုံတင် စစ်ဆေးပြီး မှတ်ပုံတင်မရှိသူများကို ခေါ်ဆောင် ပေါ်တာဆွဲမှုများဖြစ်ပေါ်နေကြောင်း၊ စကုမြို့ပေါ်တွင်လည်း အလားတူ ပေါ်တာဆွဲမှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေကြောင်း သိရှိရသည်။

“မင်းဘူးရော စကုမြို့ရော ၂ ခုစလုံးမှာ ပေါ်တာဆွဲတာတွေ တအားကြမ်းနေတယ်။ စကုမြို့ မြောက်ဘက် သိမ်ကုန်းစစ်ဆေးရေးဂိတ်ကနေ လယ်ကိုင်းကြား စစ်တပ်က အထိုင်ချပြီး ပေါ်တာဆွဲတယ်။ ညဘက်ပိုင်းဆိုရင်လည်း လမ်းဆုံလမ်းဂွတွေမှာ ပေါ်တာဆွဲတယ်။ မင်းဘူးမှာကတော့ ထွန်းကျော်သန့် ဆောက်လုပ်ရေးပစ္စည်းဆိုင်က ဝန်ထမ်းတွေကို ပေါ်တာဆွဲ ခံရတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းကလည်း လက်ဖက်ရည်ဆိုင်ထဲထိုင်နေတဲ့ လူငယ်တွေကို ဆိုင်ထဲဝင်လာပြီး သေနတ်ထောက်ပြီး ဖမ်းခေါ်သွားတယ်။ စစ်တပ်က အိမ်စီးကားတွေနဲ့ ပတ်ဖမ်းနေတာ” ဟု မင်းဘူးမြို့နယ်မှ ကင်းထောက်အဖွဲ့က ပြောသည်။

မင်းဘူးမြို့နယ် ထွေ/အုပ်ရုံးက မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များကို ည ၆ နာရီကျော်ပါက ကယ်ဆယ်ရေးနှင့် မီးဘေးအန္တရာယ် ကိစ္စရပ်များ ဆောင်ရွက်မည်ဆိုပါက ၎င်းတို့ထံသို့ နာမည်စာရင်းနှင့်တကွ အကြောင်းကြားရန်၊ မလိုအပ်လျှင် ပြင်ပသို့ ထွက်ခွာခြင်းမပြုရန် နှုတ်ဖြင့် သတိပေးထားကြောင်း သိရှိရသည်။

“ပရဟိတအဖွဲ့တွေ လူနာပို့ ကူညီရေး သွားရင် ညပိုင်းဆိုရင် နာမည်စာရင်းတွေ ပေးထားဖို့ ထွေ/အုပ်က နှုတ်နဲ့ အသိပေးတယ်။ မှားယွင်း ဖမ်းဆီးခံရတာမျိုးဆိုရင်လည်း ချက်ချင်းအကြောင်းကြားဖို့ အသိပေးပါတယ်” ဟု မင်းဘူးမြို့နယ်အခြေစိုက် ပရဟိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

မင်းဘူးမြို့နယ်တစ်ဝန်းတွင် လူငယ်များကို ပစ်မှတ်ထား ပေါ်တာဆွဲ ဖမ်းဆီးလျက်ရှိရာ ယခုရက်ပိုင်း ရွှေတောင်ကြီး နတ်ပွဲမှ ပြန်လာသော လူငယ် ၂ ဦးကို ဖုန်းထဲ VPN တွေ့ရှိမှုဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း မင်းဘူးမြို့ ကျွဲသိုးမြှောင်ကျေးရွာတွင် ဆိုင်ကယ်များကို ဖမ်းဆီးစစ်ဆေးစဉ် လိုင်စင်မဲ့ ဆိုင်ကယ် စီးမှုဖြင့် ရွှေရောင်တော်ရွာမှ လူငယ် ၁ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“ဖမ်းတာကတော့ အကြောင်းအမျိုးမျိုးပြ ဖမ်းနေတာ။ လူငယ်တွေလည်း မထွက်ရဲဘူး။ နေ့ရော ညရော အချိန်မရွေးကို ဖမ်းနေတာ” ဟု မင်းဘူးမြို့မှ ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်ပြီး စစ်မှုထမ်းအပတ်စဉ် ၁၇ ကို ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article