ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့အနီး လေးကေ့ကော်သို့ စစ်တပ်က စစ်ကြောင်း ၃ ခုဖြင့် စစ် ကြောင်းထိုးနေပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ နံနက် ၅ နာရီဝန်းကျင်မှစတင်၍ စစ်တပ်က မြ၀တီမြို့အနီး လေးကေ့ကော်နှင့် မယ်ထော်သလေးသို့ စစ်တပ်က လက်နက်ကြီးများနှင့် တောက်လျှောက်ပစ်ခတ်နေခြင်း ဖြစ်ကြောင်း၊ ထို့ပြင် မြေပြင်တွင်လည်း စစ်တပ်က စစ်ကြောင်းများဖြင့် လေးကေ့ကော်ဘက်သို့ ဝင်ရောက်လာပြီဟု သတင်းများရရှိထားကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
“အခု လေးကေ့ကော်ကို စစ်ကြောင်း ၃ ကြောင်းဝင်နေတယ်။ အဲဒီမှာက ဗိုလ်ရန်နိုင်ကုန်းလို့ ခေါ်တဲ့ အိမ်ကြီးကုန်းရယ် ၊ နောက် ဘုန်းကြီးကျောင်းဘက်ရယ် ၊ ကျောက်ဂူဘက်ကရယ် စစ်ကြောင်းတွေ စဝင်နေတာ။ ဒီမနက် လက်နက်ကြီးတွေပစ်နေတာ အလုံး ၅၀ လောက်ရှိနေပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် တော်လှန်ရေးတပ်များဘက်ကလည်း ပြန်လည် ပစ်ခတ်မှုများ ရှိနေပြီဖြစ်ပြီး စစ်ရေးတင်းမာနေကြောင်း၊ နှစ်ဖက်တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားနိုင်သည့်အခြေအနေရှိကြောင်း သိရှိရသည်။
“ဒီဘက်ကလည်း ကောင်တာ ပြန်ပစ်နေပြီ။ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တဲ့ပုံစံမျိုးတော့ ရှိနေပြီ။ တိုက်ပွဲတွေ ပြင်းထန်နိုင်တယ်။ ခလရ ၂၇၅ ထဲကနေ လက်နက်ကြီးတွေ ပစ်နေတာ။ ” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်သံများကို ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်စပ်အထိ ကျယ်လောင်စွာ ကြားရကြောင်း မဲဆောက်မြို့နေထိုင်သူများထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
