ရန်ကုန်၊ စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ကလေးငယ် ၁ ဦး အပါ အဝင် ပြည်သူ ၃ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် လန်ဆယ်ကျေးရွာသို့ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များ ဆော့ကစားနေသည့် နေရာတွင် ဗုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၁ ဦး၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တာက တစ်နေရာ၊ ဗုံးကျဲတာကတစ်နေရာ၊ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေရှိတဲ့ လူနေရပ်ကွက် ထဲကို ဗုံးကျဲတာ။ တိုက်ပွဲဖြစ်တာက လန်ဆယ်ရဲ့အထက်ဘက် လာဟီဆင်ဘက် ဖြစ် တာ၊ တံတားဦးလေတပ်ကနေ တက်လာပြီးတော့ ကျဲသွားတာ၊ ဒီနေ့နဲ့ဆိုရင် ၂ ရက်ဆက်တိုက်ရှိပြီ။ ပထမတစ်ခေါက်က တိုက်ပွဲဖြစ်တဲ့ဘက်ကိုလည်းကျဲတယ်။” ဟု KIA စစ်ရေးသတင်းရင်း မြစ်က ပြောဆိုသည်။
အလားတူ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လာဟီဆင်ဒေသတွင် KIA နှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်က မှားယွင်းဗုံးကျဲချသဖြင့် ပြည်သူ့စစ် ၂ ဦး သေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်၍ ဆော့လော်မြို့နယ်၊ လာဟီဆင်ဒေသသို့ ခေါင်လန်ဖူးမြို့နယ် ဘက်မှ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်သား၊ ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကို KIA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်ကောင်စီတပ်ကဘက်အထိနာပြီးလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေခြင်းဖြစ် ကြောင်း၊ ထို့သို့ ဗုံးကျဲတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်တပ်က မှား ယွင်းဗုံးကျဲမှုကြောင့် ပြည်သူ့စစ် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ဒီလ ၂၀ ရက်နေ့ကတည်းကစတာ၊ လာဟီဆင်မှာဖြစ်တာ၊ ခေါင်လန်ဖူးဘက်နေ ထိုးတဲ့ စစ် ကြောင်း၊ စခတွေအထိနာတယ်၊ တပ်လန်ကျနေတာ၊ ဒီနေ့လည်း တပ်လန်သွားတယ်။ တိုက်ပွဲဖြစ်တဲ့ ဘက် ကိုလည်းကျဲတယ်။ ပထမ လေကြောင်းကနေ ဗုံးကျဲတော့ သူတို့ဘက်က ပြည်သူ့စစ် ၂ ယောက် သေ တယ်။ အခု ဒုတိယလေကြောင်းက လူနေရပ်ကွက်ထဲကိုလာပြီးကျဲတာ” ဟု KIA စစ်ရေးသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ရှိ လာဟီဆင်ပြည်သူ့စစ်စခန်းနှင့် ခရန်ထီဒမ်းပြည်သူ့စစ်စခန်းတို့ကို ကချင်လွတ် မြောက်ရေးတပ် (KIA)၊ PDF Putaoနှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ပူးပေါင်းတပ် တို့က ယမန်နှစ် ၂၀၂၄ ခုနှစ်အတွင်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





