27.2 C
Yangon

လာအိုတွင် မြန်မာနိုင်ငံသား လူငယ် အများအပြား အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းများထံသို့ လူကုန်ကူးခံရပြီး ညှဉ်းပန်းနှိပ်စက်နေရ၊ လာအိုတွင် ကျားဖြန့်အဖြစ် လူကုန်ကူးခံရသော မြန်မာလူငယ် ၅၀၀၀ ဝန်းကျင်ရှိဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

လာအိုနိုင်ငံတွင် မြန်မာနိုင်ငံသား လူငယ် အများအပြား ကျားဖြန့်လုပ်ငန်းများသို့ လူကုန်ကူးခိုင်းစေခံနေရပြီး ညှဉ်းပန်းနှိပ်စက်ခံနေရကြောင်း လာအိုရောက် မြန်မာလူငယ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

မြန်မာနိုင်ငံတစ်ဝန်းမှ လူငယ်များကို တာချီလိတ်မြို့သို့ လာရောက်ခိုင်းပြီး တာချီလိတ်မှတစ်ဆင့် ပွဲစားများက လာရောက်ခေါ်ဆောင်ကြကြောင်း၊ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် မဲခေါင်မြစ်ကို လှေဖြင့် ဖြတ်သန်းပြီး လာအိုနိုင်ငံအတွင်းသို့ ပို့ဆောင်ကြောင်း၊ လာအိုနိုင်ငံ၊ ဗီယင်ကျင်းမြို့တွင် ကျားဖြန့် အလုပ်ရုံများစွာ ရှိပြီး ယင်းနေရာများသို့ မြန်မာလူငယ်များ ရာထောင်ချီ လစဉ် ပို့ဆောင်ခံနေရကြောင်း သိရှိရသည်။

မြန်မာလူငယ်များကိုအလုပ်ခေါ်ယူရာတွင် ကာစီနိုလုပ်ငန်းများတွင် လစာကောင်းကောင်းရမည်ဟု မက်လုံးပေး၍ ပွဲစားများက ခေါ်ယူကြောင်း၊ လူငယ်များကို တရားမဝင် ပို့ဆောင်သယ်ယူရာတွင် တာချီလိတ်မှ မြန်မာလ၀က၊ ရဲနှင့်စစ်တပ်များပါ ပါဝင်ပတ်သက်ပြီး ပို့ဆောင်နေခြင်းဖြစ်ကြောင်း၊ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် မြန်မာလူငယ်များမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး အလုပ်လုပ်ကိုင်နေရကြောင်း သိရှိရသည်။

“တစ်လကို သူတို့ သတ်မှတ်ထားတာတော့ လူတစ်ယောက်ကို ဒေါ်လာ ၂၀၀၀ ရှာခိုင်းတယ်ဗျ။ ဖောက်သည်မရရင်တော့ မိန်းကလေးဆိုရင် ထိုင်ထလုပ်ခိုင်းတယ်၊ ယောက်ျားလေးဆို အကြိမ် ၁၀၀ ၊ ၂၀၀ ဒိုက်ထိုးခိုင်းတယ်။ အပြစ်လုပ်တာ ကြီးရင် ရိုက်တာ နှက်တာ ရှိတယ်။ အပြင်လည်း ပေးမထွက်ဘူး ။ တိုက်ကို ပိတ်ပြီးတော့ တရုတ်ခေါင်းဆောင်တွေက အလုပ်တွေ ခိုင်းပါတယ်။ သူတို့အောက်မှာ မြန်မာခေါင်းဆောင်တွေကိုလည်း ခန့်ထားပါတယ်” ဟု လက်ရှိ ကျားဖြန့်လုပ်ငန်းတွင် လူကုန်ကူးခံထားရသော မြန်မာလူငယ်တစ်ဦးက ဆိုသည်။

လာအိုနိုင်ငံ၊ ဗီယင်ကျန်းရှိ အွန်လိုင်းငွေလိမ်လည်သော ကျားဖြန့် လုပ်ငန်းများတွင် မြန်မာလူငယ် ၅၀၀၀ ဝန်းကျင် လူကုန်ကူးခံထားရကြောင်း၊ သတ်မှတ်ငွေပမာဏ လိမ်လည်နိုင်လျှင် တစ်လ လုပ်ခလစာအဖြစ် တရုတ်ယွမ် ၄၀၀၀ ပေးပြီး ငွေမရှာနိုင်သူများကို ဒဏ်ပေးကြောင်း၊ ကျားဖြန့်လုပ်ငန်းများသည် အထပ်မြင့်တိုက်တာ အဆောက်အအုံများစွာ ပိုင်ဆိုင်ကြပြီး တစ်ခန်းလျှင် မြန်မာလူငယ် ၁၀ ဦးမှ ၁၂ ဦးခန့်အထိ စုပေါင်း နေထိုင်ရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမှ လူငယ်များကို အွန်လိုင်းငွေလိမ်လည်သော ကျားဖြန့်လုပ်ငန်းများထဲသို့ ခေါ်ယူရန် လာအိုနှင့် မြန်မာနိုင်ငံမှ အာဏာပိုင်များနှင့် ပွဲစားများ ပူးပေါင်း ဆောင်ရွက်နေကြကြောင်း၊ လတ်တလောတွင် လာအိုနိုင်ငံတွင်း ကျားဖြန့်လုပ်ငန်းများကို တင်းကျပ်နေသည့် အတွက် ဗန်းပြထားသည့် အလုပ်ရုံများကို ပိတ်ကာ နေအိမ်တိုက်တာများအတွင်းတွင် ကျားဖြန့်လုပ်ငန်း ဆက်လုပ်ကိုင်ခိုင်းနေရကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံမျာလည်း သိတဲ့အတိုင်းပဲ လုပ်ငန်းတွေက မကောင်းဘူး ။ ပြည်ပအလုပ်ထွက်လုပ်ဖို့အတွက် လိုက်မေးကြည့်တော့ လာအိုမှာ ဂိမ်းခုံအလုပ်ရှိတယ်။ လစာလည်း များတယ်။ လူလည်း သက်သာတယ်ဆိုပြီး ခေါ်တယ်။ ဒီရောက်မှ ကျားဖြန့်လုပ်ငန်းဆိုတာ သိတာပါ။ ဒီလုပ်ငန်းက မြန်မာ လာအို အာဏာရှိသူတွေ ပါနေတယ်။ လာအိုရဲတွေရော မြန်မာရဲတွေရောပတ်သက်နေတာ။ စစ်ဆေးရေးလာမယ်ဆိုရင် တရုတ်တွေက မြန်မာအလုပ်သမားတွေကို အပြင်မှာ ခဏထွက်ရှောင်ခိုင်းတယ်။ လစာလေး နည်းနည်းထုတ်ပေးပြီးတော့” ဟု လာအိုကျားဖြန့်လုပ်ငန်းတွင် လုပ်ကိုင်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လာအိုနိုင်ငံတွင်း ကျားဖြန့်လုပ်ငန်းများမှာ အရှေ့တောင်အာရှနိုင်ငံများအားလုံးသို့ ပစ်မှတ်ထား လိမ်လည်ခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြန်ချင်တဲ့ လူတွေလည်း ပြန်မရဖြစ်နေတာပါ။ လစာတွေလည်း မရသေးဘူး ။ အခန်းထဲမှာပဲ တိုက်ပိတ်ဖြစ်နေတာ။ စစ်ဆေးရေးတွေလည်း လာတယ်။ သူတို့ကလည်း အတူတူဆိုတော့ အမြင်လောက်ပဲ စစ်ဆေးတာပါ။ အကူအညီလည်း တောင်းမရဖြစ်နေပါတယ်။ ဂိမ်းခုံအလုပ်ဆိုပြီး လာအိုရောက်မှ ကျားဖြန့်အဖြစ် လူကုန်ကူးခံနေရတာ” ဟု ကျားဖြန့်လုပ်ငန်းအတွင်း တိုက်ပိတ်ခံထားရသူ လူငယ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဓာတ်ပုံ – လာအိုနိုင်ငံရှိ ကျားဖြန့် လုပ်ငန်းခွင်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လာအိုနိုင်ငံရှိ ကျားဖြန့် လုပ်ငန်းခွင်တစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article