25 C
Yangon

စစ်တပ်က အဝေးပြေးခရီးသည်တင်ကားပေါ်တွင် လိုက်ပါလာသော ခရီးသွားလူငယ်များကို ဆွဲချပြီး စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးလာ၊ ရန်ကုန်-ပြည်လမ်းပိုင်းနှင့် စလင်းတို့တွင် ခရီးသွားလူငယ် ၁၂ ဦး အဖမ်းခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ပဲခူးတိုင်း၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် Express ကားပေါ် လိုက်ပါလာသော ရန်ကုန်မှ ပြန်လာသည့် လူငယ် ၇ ဦး အပါအဝင် ၉ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ခရီးသွားပြည်သူများနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်-ပြည်လမ်းပိုင်း အုတ်ဖိုမြို့နယ် အပိုင် လိပ်ဥကုန်း လမ်းဆုံရှိ ရန်ကုန်မှ ပြန်လာသော Express ကားပေါ် လိုက်ပါလာသော လူငယ် ၇ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ အကြမ်းဖက် စစ်တပ်သည် ယင်းနေ့ နံနက် ၈ နာရီခန့်တွင် ကဝေစုရွာမှ ပြည်သူ ၂ ဦးကိုလည်း ထပ်မံ ဖမ်းဆီးသွားကြောင်း၊ ထိုဖမ်းဆီးခံရသော ပြည်သူများကို မည်သည့် နေရာသို့ ဖမ်းဆီးသွားသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ မိသားစုဝင်များလည်း လိုက်လံ စုံစမ်း၍ မရသေးကြောင်း သိရှိရသည်။

“စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီလောက်မှာ အုတ်ဖိုမြို့နယ်အပိုင် ရန်ကုန်-ပြည် လမ်းပိုင်းမှာရှိတဲ့ လိပ်ဥကုန်းလမ်းဆုံမှာ ရန်ကုန်ကနေ ပြန်လာတဲ့ Express ကားပေါ် လိုက်ပါလာတဲ့ လူငယ် ၇ ဦးကို စစ်ခွေးနဲ့ ပျူစောထီးတွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတာ အဲစစ်ခွေးတွေက ကဝေစုရွာက ပြည်သူ ၂ ဦးကိုပါ ဆက်ပြီးတော့ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ အုတ်ဖိုမြို့နယ်ထဲမှာ တပ်သားသစ်စုဆောင်းတာကို အေးမြသာယာရွာက ပျူစောထီးတွေက တာ၀န်ယူ လုပ်ဆောင်နေတာ” ဟု ခရီးသွားပြည်သူများနှင့် ဒေသပြည်သူများက ပြောဆိုသည်။

အလားတူ မကွေးတိုင်း စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က နန်းထိုက်တော်ဝင် Express ကားပေါ် လိုက်ပါလာသော လူငယ် ၃ ဦးကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် စလင်းမြို့ လက်ပံကန်လမ်းခွဲတွင် နန်းထိုက်တော်ဝင် Express ကားပေါ် လိုက်ပါလာသော လူငယ် ၃ ဦးကို ကားပေါ် တက်ရောက်၍ ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်ရွာက လူငယ်တွေကို ဖမ်းသွားတာလဲဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ စလင်းမြို့ လက်ပံကန် လမ်းခွဲမှာ နန်းထိုက်တော်ဝင် မှန်လုံကားပေါ် လိုက်ပါလာတဲ့ လူငယ် ၃ ဦးကို စစ်ခွေးတွေက ကားပေါ်ကနေ ဆွဲချပြီးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ခရီးသည်တင်ကား ၁ စီးကို ရန်ကုန်အဝင်တွင် စစ်တပ်နှင့်ရဲများက တားဆီးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ခရီးသည်တင်ကား ၁ စီးကို ရန်ကုန်အဝင်တွင် စစ်တပ်နှင့်ရဲများက တားဆီးနေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article