24.1 C
Yangon

KNU ဥက္ကဋ္ဌနှင့် ခေါင်းဆောင်များကို ရွေးကောက်ပွဲ ဥပဒေဖြင့် တရားစွဲ အမှုဖွင့်မှု စစ်တပ်က သွေးရူးသွေးတမ်းဖြင့် လုပ်မိလုပ်ရာ ကိုင်မိကိုင်ရာ လျှောက်လုပ်နေခြင်းဖြစ်ပြီး မည်သည့် ထိရောက်မှုမှ မရှိဟု KNU ပြောခွင့်ရ ပဒိုစောတောနီးပြောဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ခေါင်းဆောင်များကို ရွေးကောက်ပွဲ ဥပဒေဖြင့် တရားစွဲ အမှုဖွင့်မှုမှာ စစ်တပ်က သွေးရူးသွေးတမ်းဖြင့် လုပ်မိလုပ်ရာ ကိုင်မိကိုင်ရာ လျှောက်လုပ်နေခြင်းဖြစ်ပြီး မည်သည့် ထိရောက်မှုမှ မရှိကြောင်း KNU ပြောရေးဆိုခွင့်ရှိသူလည်းဖြစ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်သူ ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုလိုက်သည်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဗဟိုအလုပ်အမှုဆောင်များ၊ အပါအဝင် ၁၃ ဦးကို ဩဂုတ် ၁၂ ရက်နေ့ ရွေးကောက်ပွဲ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်းများကြောင့် လှိုင်းဘွဲ့မြို့မရဲစခန်း တွင် အမှုဖွင့်ထားပြီး စစ်တပ်က အမှုဖွင့်သူများတွင် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောဆဲဂေ၊ ပဒိုတာဒိုမူး၊ ပဒိုစောသောသီဘွဲ၊ ပဒိုစောလှထွန်း၊ ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ စောတာမလာသော၊ ပဒိုစောလော်အယ်မူး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုနော်ဒါးဒါးနှင့် ပဒိုစောတောနီး ၊စောဆာပုလဲဒီဝမ်းတို့ပါဝင်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

KNU ကမူ ယင်းကဲ့သို့ စစ်တပ်က အမှုဖွင့်ခြင်းမှာ မည်သည့်ထိရောက်မှု မရှိနိုင်ဘဲ စစ်တပ်ကအနေဖြင့် သွေးရူးသွေးတမ်းဖြင့် လုပ်မိလုပ်ရာ လျှောက်လုပ်နေခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

“ပထမဦးဆုံး ကျနော်ပြောချင်တာကတော့ ဒီလိုမျိုး တရားမဝင် အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ တုံ့ပြန်ချက်ဖြစ်တဲ့ ဩဂုတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်လာတဲ့အခါမှာ ၂ ရက်အတွင်းမှာပဲ ကျနော်တို့ကို တရားမဝင် အဖွဲ့အစည်းဖြစ်တယ်၊ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တယ်။ အဲဒါနဲ့ အားမရဘဲ အခုကျနော်တို့ ဗဟိုအလုပ်အမှုဆောင်ထဲမှာ ရှိတဲ့ ခေါင်းဆောင်တွေအားလုံးကို ဒီလိုမျိုး တရားစွဲမယ်ဆိုတဲ့ ဟာကို ကြည့်လိုက်ခြင်းအားဖြင့် အင်မတန်မှပဲ နိုင်ငံရေးအရ တော်တော်ကို ချွတ်ခြုံကျပြီးတော့ ဘယ်လိုမှ အားကိုးစရာမရှိတော့တဲ့ အနေအထားမှာ သူတို့ ရောက်သွားတာကို ကျနော်တို့ တွေ့မြင်နေရတယ်။ သူတို့ လုပ်မိလုပ်ရာ ကိုင်မိကိုင်ရာ ဘာမှ ထိရောက်မှုမရှိတဲ့ဟာကို လျှောက်လုပ်နေတယ်လို့ ကျနော်တော့ မြင်ပါတယ်” ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက သုံးသပ်ပြောဆိုသည်။

စစ်တပ်အတွက် ရွေးကောက်ပွဲမှာ ကောက်ရိုးတစ်မျှင်ဖြစ်ပြီး အတိမ်းအစောင်းမခံနိုင်သည့်အနေအထားဖြစ်နေကြောင်း၊ ရွေးကောက်ပွဲလုပ်ရန် စစ်တပ်က တစ်နိုင်ငံလုံး ထိုးစစ်ဆင်နေသော်လည်း ရေတိုသာဖြစ်ပြီး ရေရှည်တွင် အလုပ်မဖြစ်ကြောင်း၊ စစ်တပ်က KNU ဥက္ကဋ္ဌ အပါအဝင် ပြောရေးဆိုခွင့်ရှိသူ ၎င်းကို အမှုပေါင်း ၃၀ ဖြင့် စွဲချက်တင် တရားစွဲထားကြောင်း ၎င်းက ရှင်းပြသည်။

“ဒီရွေးကောက်ပွဲက ကောက်ရိုးတစ်မျှင်စာလို့ပဲ ပြောရမလား သူတို့အတွက်က အတိမ်းအစောင်းမခံဘူးဖြစ်နေတယ်။ ထိုနည်းလည်းကောင်းပဲ နိုင်ငံရေးမှာ ချွတ်ခြုံကျတဲ့အပြင် စစ်ရေးမှာလည်းပဲ ဒီတရားမဝင် ရွေးကောက်ပွဲ လုပ်နိုင်ဖို့အတွက် တိုင်းပြည်တစ်ပြည်လုံးအနေအထားမှာ သူတို့က တိုင်းပြည်အရှေ့ပိုင်းရော အနောက်ပိုင်းရော မြောက်ပိုင်း တောင်ပိုင်း ထိုးစစ်ဆင်နိုင်ဖို့ အားခဲပြီးတော့ အူယားဖားယားနဲ့ ပြန်ပြီးတော့ လုပ်ရတဲ့အနေအထားတစ်ခုတော့ တွေ့ရတယ်။ ဒါက ရေတိုပါပဲ ဖြစ်မှာပါ။ ရေရှည်မှာ ဘယ်လိုမှ အလုပ်မဖြစ်ဘူးဆိုတာ ကျနော်တို့ သေချာပြောရဲတယ်။ ကျနော်တို့ ဥက္ကဋ္ဌ ကို ဦးတည် တရားစွဲတယ်ဆိုပေမယ့်လို့ တကယ်တမ်းမှာ ၂၀၂၁ နောက်ပိုင်းမှာ ကျနော်ကိုယ်တိုင်ကတော့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာတဲ့အခါမှာ ဒီဟာတွေရဲ့ အားလုံးစုပြုံတာက ပစ်မှတ်က ကျနော့်ဆီကို အားလုံးစုပြုံကျရောက်နေတဲ့အနေအထားဆိုတာ ဒါလည်း သိပ်တော့ မဆန်းလှပါဘူး ။ သူတို့စွဲချက်တင်ထားတဲ့ဟာက အခုပေါင်း ၃၀ ထက်မနည်းရှိတယ်ကျနော်ကိုယ်တိုင်လည်းသိပါတယ်” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

ဩဂုတ်လ ၂၆ ရက်နေ့တွင် KNU က အချက် ၇ ချက် ပါဝင်သော စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်သော ကြေညာ ချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲသည် ဥပဒေအရ တရားမဝင်ကြောင်း၊ ပြည်သူအားလုံး ပါဝင်နိုင်သည့် အခြေအနေတွင် မရှိဘဲ လိုသလို အဖြေထုတ်နိုင်သည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တို့ကြောင့် KNU က လုံး၀ လက်မခံဟု ကြေညာခဲ့သည်။

စစ်တပ်က ပြုလုပ်သော ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုး ရှည်စေရေးအတွက်သာ ဖြစ်ပြီး လက်ရှိနိုင်ငံရေးအကျပ်အတည်း၏ အဖြေမဟုတ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်း ပဋိပက္ခများကို ပိုမို ပြင်းထန်လာစေရုံသာမက ဒေသ တွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ် လာစေမည်ဖြစ်ကြောင်း KNU က တရားဝင် ကြေညာခဲ့သည်။

စစ်တပ်က ထုတ်ပြန်ကြေညာလိုက်သော ရွေးကောက်ပွဲအား ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများကို ကိုင်တွယ်ရန် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေကို ပြဋ္ဌာန်းမှုနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်လိုက်မှုတို့ကြောင့် ပြည်သူများကို အကြောက်တရားအောက်တွင် ဆန္ဒသဘောထားမပါဘဲ ပါဝင်ပေးရမည့် အခြေအနေ သို့ ရောက်ရှိလျက်ရှိကြောင်း KNU က သတိပေးသည်။

စစ်တပ်က ရွေးကောက်ပွဲ ကျင်းပရန် ကြိုးစားခြင်းသည် အာဆီယံဘုံသဘော တူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ရန် မျက် ကွယ်ပြုခြင်းဖြစ်ပြီး စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ ဖြစ်သည့် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ် ကြောင်း၊ နိုင်ငံရေးပါတီများက အဆိုပါ အတု အယောင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် တည်ဆောက်မှုအတွက် အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်း KNU က ထပ်မံ သတိပေးသည်။

မြန်မာ့နိုင်ငံရေးပဋိပက္ခ အဆုံးသတ်နိုင်ရန်မှာ ရေရှည်တည်တံ့ခိုင်မြဲသော နိုင်ငံ ရေးအဖြေကို ဦးတည်သော အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံမှုမှ ရရှိသည့် သဘောတူညီမှုဖြင့် ရေးဆွဲ ​ပြဋ္ဌာန်းအတည်ပြု မည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင် စု ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့်အညီ ကျင်းပသော ရွေးကောက်ပွဲသည်သာလျှင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော မြန်မာ နိုင်ငံ၏ နိုင်ငံရေးပဋိပက္ခများ အဆုံးသတ်နိုင်မည်ဟု KNU က အပြည့်အ၀ ယုံကြည်သည်ဟု ဆိုခဲ့သည်။

ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများက စစ်အာဏာရှင် သက်ဆိုးရှည်ရေး၊ စစ် တပ်အာဏာသိမ်းယူမှု တရားဝင်မှု ရရှိစေရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် အသက်သွင်းသည့် အတု အယောင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းဖြင့် “အဆိပ်ပင် ရေလောင်းသည့် သမိုင်းတရားခံ ” ဖြစ်သွား နိုင်သည့်အတွက် နည်းလမ်းပေါင်းစုံဖြင့် ရှောင်ရှားကြရန် KNU က တိုက်တွန်းခဲ့သည်။

အာဏာသိမ်းစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်သည့် စစ်တပ်ကို အကျိုး ပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲကို ကရင် ပြည်သူ လူထု၊ ကရင်လက် နက်ကိုင်အဖွဲကအစည်းများ၊ ကရင်နိုင်ငံရေးအင်အား စုများ အပါအဝင် နိုင်ငံ ရေးပါတီများနှင့် ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်ခြင်းမပြုကြဘဲ အကြမ်း မဖက် သော နည်းလမ်းများဖြင့် ဆန့်ကျင်သွားကြရန် KNU က တိုက်တွန်းထုတ်ပြန်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article