24.4 C
Yangon

မြောက်ကိုရီးယားက မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချမှုတွင် ပါဝင်နေသော မြန်မာ ၃ ဦးနှင့် မြောက်ကိုရီးယား ၂ ဦး စုစုပေါင်း လူပုဂ္ဂိုလ် ၅ ဦးနှင့် ကုမ္ပဏီ ၁ ခုတို့ကို အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

မြောက်ကိုရီးယားက မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချမှုတွင် ပါဝင်ပတ်သက်နေသော လူပုဂ္ဂိုလ် ၅ ဦးနှင့် ကုမ္ပဏီ ၁ ခုကို အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။

“မြောက်ကိုရီးယားရဲ့ ဥပဒေမဲ့ လက်နက်အစီအစဉ်တွေဟာ အမေရိကန်နဲ့ မဟာမိတ်တွေကို တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ခုဖြစ်နေတာမို့ ပါဝင်ပတ်သက်နေတဲ့ ငွေကြေးကွန်ရက်တွေကို ဖျက်သိမ်းချေမှုန်းသွားမှာပါ” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုနှင့် ငွေကြေးဆိုင်ရာ ထောက်လှမ်းရေး တာဝန်ရှိသူ John K. Hurley က ပြောကြားသည်။

မြောက်ကိုရီးယား Korea Mining Development Trading Corporation (KOMID) နှင့် မြန်မာစစ်တပ်အကြား လက်နက်ရောင်းဝယ်မှု လွယ်ကူချောမွေ့စေရေး အဓိက ကွန်ရက်ကြီးတစ်ခုကို အမေရိကန် ဖော်ထုတ်အရေးယူထားပြီး အမေရိကန်၏ အရေးယူမှုသည် မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချမှုများကို ဟန့်တားရန်နှင့် မြောက်ကိုရီးယားအစိုးရအတွက် အရေးကြီးသော ရန်ပုံငွေလမ်းကြောင်း ဖြတ်တောက်ရန် ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ Royal Shune Lei ကုမ္ပဏီလီမိတက်က မြန်မာစစ်တပ်အတွက် KOMID ကုမ္ပဏီနှင့် လက်နက်ဝယ်ယူရေး သဘောတူညီချက်ကို ပထမဆုံးပွဲစားလုပ်ပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ KOMID ထံမှ လက်နက်များ ထပ်မံဝယ်ယူရေးအတွက် Royal Shune Lei ကုမ္ပဏီလီမိတက်မှ ဝန်ထမ်းကျော်သူမျိုးမြင့်နှင့် CEO အမှုဆောင်အရာရှိချုပ် တင်မျိုးအောင်တို့က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ Royal Shune Lei မှ ဝန်ထမ်းများက မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် မြောက်ကိုရီးယားဗီဇာ ရရှိရေးအတွက် တရုတ်နိုင်ငံ၊ဘေဂျင်းသို့ သွားရောက်ခဲ့ကြောင်း သိရှိရသည်။

ဘေဂျင်းမြို့ရှိ KOMIDမှ လက်ထောက်ကိုယ်စားလှယ် Kim Yong Ju က အခြား KOMID ကိုယ်စားလှယ်များ၊တင်မျိုးအောင်၊ ကျော်သူမျိုးမြင့်တို့နှင့်အတူ မြန်မာစစ်တပ်အတွက် Royal Shune Lei မှတစ်ဆင့် ဝေဟင်ဗုံး နှစ်မျိုး၊ ဝေဟင်စောင့်ကြည့်ရေးကိရိယာများအပြင် ရောင်းချပေးရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ KOMID က Royal Shune Lei ကုမ္ပဏီထံသို့ ဝေဟင်ဗုံးလမ်းညွှန်ကိရိယာနမူနာများကို စမ်းသပ်သုံးစွဲရန်နှင့် နောက်ဆုံးအရောင်းအဝယ်ဖြစ်ရန် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်နေသော Royal Shune Lei ကုမ္ပဏီတွင် အောင်ကိုကိုဦးက ကုမ္ပဏီ ဒါရိုက်တာအဖြစ်ပါဝင်ဆောင်ရွက်နေကြောင်း သိရှိရသည်။

ထို့ကြောင့် Royal Shune Lei ကုမ္ပဏီနှင့် ကျော်သူမျိုးမြင့် ၊ တင်မျိုးအောင်၊ အောင်ကိုကိုဦးတို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်ကြောင်း၊ Royal Shune Lei ကုမ္ပဏီကို ကနေဒါနှင့် ဗြိတိန်တို့က ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် လည်းကောင်း၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ဥရောပသမဂ္ဂတို့ကလည်းကောင်း အရေးယူဒဏ်ခတ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မြန်မာစစ်တပ်နှင့် လက်နက်အရောင်းအဝယ်တွင် ပါဝင်နေပြီး မြောက်ကိုရီးယား၏ လက်နက်အစီအစဉ်များတွင် ပါဝင်နေသော မြောက်ကိုရီးယား KOREA MINING DEVELOPMENT TRADING CORPORATION ကုမ္ပဏီမှ Kim Yong Ju နှင့် မြောက်ကိုရီးယား ထောက်လှမ်းရေးဌာနမှ Nam Chol Ung တို့ကိုလည်း အမေရိကန်အရေးယူဒဏ်ခတ်လိုက်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article