ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးကာ စစ်ဘေးရှောင်ပြည်သူ ၆ ဦး ဖမ်းဆီးသွားကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်ဦး-DSNDA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စစ်တပ်က ရွာငံမြို့နယ်အတွင်း စစ်ကြောင်းထိုးလာပြီး စစ်ဘေးရှောင်ပြည်သူများနှင့်ကျေးရွာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကျေးရွာများနှင့် နေအိမ်များကို မီးရှို့ ဖျက်ဆီးသည့်အပြင် အသက် ၉နှစ် အရွယ် ကလေးငယ် ၁ ဦး အပါ အဝင် စစ်ဘေးရှောင်ပြည်သူ ၆ ဦး ဖမ်းဆီးခဲ့ကြောင်း၊ စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၅၀၀ကျော် ထွက်ပြေးတိမ်ရှောင်နေရကြောင်း သိရှိရသည်။
ရွာငံမြို့နယ်တွင် ဩဂုတ်လမှ စတင်၍ စစ်တပ်ကအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာကြောင်း၊ မင်းပလောင်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများနေထိုင်ကြသော နေရာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် တိမ်းရှောင်နေသော ပြည်သူများမှာ ထပ်မံထွက်ပြေးရကြောင်း၊ စစ်ဘေးရှောင်ပြည်သူများနေထိုင်သော တဲများကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာထဲတွင် စစ်တပ်က တပ်စွဲထားကြောင်း သိရှိရသည်။
ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း ရွာငံမြို့နယ် ညောင်ပင်သာကျေးရွာနှင့် ကျောက်တောကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံး ၃ လုံး ကျဲချခဲ့သည့်အပြင် ဩဂုတ်လ ၁၉ရက်နေ့မှ စ၍ ၄ ရက် ဆက်တိုက် စစ်တပ်က လက်နက် ကြီးဟောင်ဝှစ်ဇာ အလုံး ၄၀ ကျော်ပစ်ခဲ့ကြောင်း၊ ဩဂုတ်လ ၂၁ ရက်နေ့တွင်လည်း ရဟတ်ယဉ် ၂ စီးဖြင့် ဗုံး၃လုံးထပ်မံကျဲ ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယင်းအပြင် စစ်တပ်က အင်အား ၂၀၀ကျော်ဖြင့် ညောင်ပင်သာရွာသို့ ခြေလျင်စစ်ကြောင်းထိုးခဲ့ပြီး ကျောက်တောကျေးရွာသို့ အင်အား ၈၀ ပါ စစ်တပ်စစ်ကြောင်းတစ်ခုက ချီတက်လာကြောင်း၊ ယင်းနောက် စစ်တပ် စစ်ကြောင်း ၂ ခုက ညောင်ပင်သာနှင့် ကျောက်တောကျေးရွာတို့တွင် တပ်စွဲထားခဲ့ကြောင်း၊ တပ်စွဲပြီးနောက် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အိမ်မွေးတရိစ္ဆာန် ကျွဲ ၊ကြက် နှင့် အိမ်မွေးခွေးများကိုသတ်စားကြောင်း၊ ပြည်သူများသိမ်းဆည်းထားသောပစ္စည်းများကို ရှာဖွေခိုးယူလုယက်မှုများ စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ဘေးရှောင် ပြည်သူတွေကတော့ ခန့်မှန်းခြေ ၅၀၀ လောက် ၈ လပိုင်းကတည်းက ပြေးနေရတယ်။ စစ်တပ်က ညောင်ပင်သာကို စစ်ကြောင်းထိုးတာက တပ်မ ၅၅ နဲ့ ပျူတွေပါ။ ကျောက်တောကိုထိုးတာက တပ်မ ၉၉ ကလို့တော့သိရပါတယ်။ စစ်ကြောင်းထိုးကာလမှာ ပြည်သူဒဏ်ရာရ ထိခိုက်တာမျိုးတော့မရှိပါဘူး။ ညောင်ပင်သာရွာမှာ ပြည်သူ့နေအိမ် ၄၆ လုံးကို မီးရှို့ဖျက်ဆီးတယ်။ စစ်ဘေးရှောင် ပြည်သူ ၆ ဦးကို ဖမ်းသွားတယ်။ စစ်ခွေးတွေ ဖမ်းဆီးထားတဲ့သူတွေကို မလွတ်လာသေးဘူး။ စစ်ခွေးအင်အားကတော့ ရွာငံတစ်နယ်လုံးဆို ထောင်ချီတယ်။ ရွာငံမြို့နယ်မှာတော့ ရွာတွေအများအပြားတပ်စွဲထားပါတယ်” DSNDA မှ သတင်းနှင့်ပြန် ကြားရေးတာဝန်ခံ ကိုကျားပျံက ပြောဆိုသည်။
ဩဂုတ်လ ၂၅ ရက်နေ့တွင်လည်း စစ်တပ်က ကျောက်တောကျေးရွာမှ ပြည်သူ့ နေအိမ် ၃၇လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းအားလုံးပြန်ဆုတ်သွားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့တွင် အင်အား ၁၂၀ ဖြင့် ထပ်မံစစ်ကြောင်းထိုးလာခဲ့ကြောင်း၊ စက်တင်ဘာလ ၁၄ ရက်နေ့ နှင့်စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျောက်တောရွာမှ နေအိမ်၂၃လုံးနှင့်စပါးကျီ အားလုံးကို စစ်တပ်က မီးထပ်ရှို့ခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် ပြည်သူအများအပြား စစ်ရှောင်နေရသဖြင့် ဒုက္ခ အကြီးကျယ်ခံစားနေရသောကြောင့် စစ်ဘေးရှာင်ပြည်သူများကို အားလုံးက ဝိုင်းဝန်းကူညီပေးကြရန် DSNDA အဖွဲ့ က မေတ္တာရပ်ခံထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
