ရန်ကုန်၊ စက်တင်ဘာ ၂၉
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းတွင် စစ်တပ်မှ တပ်ဖွဲ့ဝင်များလိုက်ပါသော အိမ်စီးကားကို စစ်ဆေးရန် တော်လှန်ရေးတပ်ဖွဲ့များက ရပ်တန့်ခိုင်းသော်လည်း မောင်းပြေး၍ လိုက်လံပစ်ခတ်ပြီး ကားကို မီးရှို့ရှင်းလင်းလိုက်ကြောင်း ဗမာပြည်ကာကွယ်ရေးတပ်မှ တာဝန်ခံ ကိုဗဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ ည ၁၁ နာရီအချိန် မင်းတုန်းမြို့ဘက်မှ ပုသိမ်-မုံရွာ လမ်းအတိုင်း ကျောက်တိုင်စစ်တပ်အထိုင်စခန်းဘက်သို့ မောင်းနှင်လာသော စစ်တပ်မှ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော အိမ်စီးကား အနက်ရောင်ကို ကျောက်တိုင်ကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့ကြောင်း၊ သို့ရာတွင် ရပ်တန့်ခြင်းမရှိဘဲ တော်လှန် ရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်၍ မောင်းပြေးသွားခဲ့ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးတပ်များက ပြန်လည်ပစ်ခတ်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင်များ ဒဏ်ရာများ ရရှိကာ ခုခံထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
စစ်အုပ်စု တပ်ဖွဲ့ဝင်များ လိုက်ပါသော ကားကို မီးရှို့ ရှင်းလင်းခဲ့ပြီး ကားပေါ်မှ ၄၀ မမ ဗုံးသီ ၅ လုံး၊ စစ်ဝတ်တန်ဆာ ၁ စုံ၊ ဖုန်း ၁ လုံး၊ လက်ထိပ် ၁ စုံ၊ အဆောာင်ယတြာ ၁ မျိုး၊ ကွန်ဒုံး ၂ ခု အပါအဝင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“ကားပေါ်မှာ ဒဏ်ရာရသွားတဲ့ စခတွေက မသေဘူးလို့ ကြားပါတယ်” ဟု ဗမာပြည်ကာကွယ်ရေးတပ်မှ တာဝန်ခံ ကိုဗဟိန်းက ပြောဆိုသည်။
ကားပေါ်မှ ထွက်ပြေးလွတ်မြောက်သွားသော အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့၀င်များကို ယမန်နေ့ ည ၁၂ နာရီအချိန် မင်းတုန်းမြို့မှ လိုက်ထရပ် ကားတစ်စီးဖြင့် စစ်အင်အားအပြည့် ဝန်းရံကာ စမ်းကြီးကျေးရွာအနီးတွင် လာကြိုသွားကြောင်း သိရှိရသည်။
လက်ရှိ မင်းတုန်းမြို့နယ်တွင် ညနေ ၆ နာရီ နောက်ပိုင်း မော်တော်ယာဉ်များ ဖြတ်သန်းခွင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပိတ်ပင်ထားကြောင်း၊ စစ်ပွဲကာလ ဒေသတွင်းပြည်သူများ၏ လုံခြုံရေးအတွက် လိုက်နာပေးရန် လမ်းစည်းကမ်းများကို ၁ နှစ်ကျော်ကြာသည်ထိ အချိန်ပေးပြီး ပညာပေးခြင်းများလည်း အကြိမ်ကြိမ် ကွင်းဆင်းလုပ်ခဲ့ပြီး အသိပေးထုတ်ပြန်ချက်များကိုလည်းအကြိမ်ကြိမ်ထုတ်ပြန်ထားခဲ့ကြောင်း၊ သို့ရာတွင် ခရီးသွားပြည်သူများအနေ ဖြင့် လိုက်နာမှု အားနည်းလျက်ရှိကြောင်း၊ ယမန်နေ့ည ဖြစ်စဉ်တွင်လည်း ပြည်သူ့ကားဖြစ်ပါက ထိခိုက်နစ်နာမည်ကို စိုးရိမ်သဖြင့် ညအမှောင်ထဲ မောင်းလာသော ရန်သူ-မိတ် ဆွေမကွဲသော ကားကို လက်ပြပြီး တားဆီးခဲ့ရသည့် အတွက် လုံခြုံရေးတာ၀န်ကျရဲဘော်များ အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပြီး အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့၀င်များလည်း လွတ်မြောက်သွားစေခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ရန် ကားလမ်းမကြီးများပေါ်တွင် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မောင်းနှင်လာသော မည်သည့်မော်တော်ယာဉ်ကို မဆို ပစ်ခတ်ဖမ်းဆီးခြင်းများ လုပ်ဆောင်မည်ဟု သတိပေးထားသည်။
လတ်တလော အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုး မွှေနှောက်ရန် အလားလာ ရှိသဖြင့် အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ အနီးတဝိုက်ကျေးရွာများမှ ပြည်သူ များအနေဖြင့် လုံခြုံရေးအတွက် သင့်တော်သလို ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
“စစ်အုပ်စုကတော့ စစ်ကြောင်းထိုးဖို့ ပြင်နေတာရှိပါတယ်။ ထိုးတော့ မထိုးလာသေးဘူး” ဟု ကိုဗဟိန်းက ပြောသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


