မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော တော်လှန်ရေး စိန်ခေါ်မှုများ ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ တို့ ယမန်နေ့ တွေ့ဆုံခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။
လက်ရှိ နိုင်ငံတွင်းဖြစ်ပေါ်နေသော တော်လှန်ရေးအခြေအနေများ၊ ကြုံတွေ့နေရသည့် တော်လှန်ရေးဆိုင်ရာ စိန်ခေါ်မှုများကို အတူ ရင်ဆိုင် ကျော်လွှားနိုင်ရန်နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းစဉ်များကို ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးခဲ့ကြကြောင်း၊ ထို့အတူ တိုင်းပြည်အနှံ့ အကြမ်းဖက်စစ်တပ်၏ ပစ်မှတ်မခွဲခြား ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် မိသားစုများ၊ ထိခိုက်ဒဏ်ရာကြောင့် ကုသနေရသူများနှင့် အသက်အိုးအိမ်စည်းစိမ်များ စွန့်လွှတ်လျက် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများအတွက် လူသားစာနာကူညီရေး ဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဖဒိုကွယ်ထူးဝင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန် တော်လှန်ရးအင်အားစုများကြား ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမည့် ကဏ္ဍများ အကြောင်း ဆွေးနွေးခဲ့ကြောင်း ၊ တော်လှန်ရေးအင်အားစုများကြား ယခုထက် ပိုမို စည်းလုံးညီညွတ်စွာ လက်တွဲပြီး မြန်မာနိုင်ငံ စစ်အာဏာရှင်လက်လက်အောက်မှ အပြီးတိုင် လွတ်မြောက်ရေး၊ စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ အမြစ်ပြတ်တိုက်ဖျက်ရေး၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် လူထုသာယာဝပြောမှုတို့ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ဆက်လက်ပြီး ခိုင်မာစွာ အတူ လက်တွဲ ဆောင်ရွက်သွားကြရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရှိရသည်
