ရန်ကုန်၊ အောက်တိုဘာ ၁
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး တရားမ၀င် ရွေးကောက်ပွဲကိစ္စများကို ပူးပေါင်း ဆောင်ရွက်နေသည့် ရွှေပေါက်ကံ မြို့သစ် ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို တော်လှန်ရေး ရဲဘော်များက ပြင်းအားမြင့် မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံး တို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ တိုက်ခိုက်ခြင်းသည် ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူးနှင့် လူမိုက်အဖွဲ့ သည် တရားမ၀င်ရွေးကောက်ပွဲကိစ္စများဆောင်ရွက်ခြင်း၊ လူငယ်လူရွယ်များကို ပေါ်တာဆွဲပြီး စစ်မှုထမ်းလိုအပ်သည့် နေရာများကို ရောင်းစား၍ လူကုန်ကူးခြင်းများလုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲ့အုပ်ကြီးက အရင်က ရဲပါ။ ရဲကနေထွက်ပြီး အုပ်ကြီး နေရာဝင်ယူပြီး ရပ်ကွက်နေ ပြည်သူကို လူပါးဝ အနိုင်ကျင့်နေတာပါ။ ကျနော်တို့ဆီမှာ တာဝန်သိ ပြည်သူတွေ သတင်းပေးချက်တွေအရ အုပ်ချုပ်ရေးမှူး တော်တော်များများရဲ့ အချက်အလက် အသေးစိတ်ကအစ ရထားပါတယ်။ လူပါးဝနေတဲ့ အုပ်ကြီးတွေ မဆင်ခြင်ရင်တော့ ကျနော်တို့ တနေ့နေ့ အရောက်လာခဲ့မှာပါ။ စစ်မှုထမ်းငွေကြေး အဓမ္မကောက်ခံတာရယ်၊ တရားမဝင်ရွေးကောက်ပွဲအတွက် ရပ်ကွက်နေ ပြည်သူအပေါ်ဖိအား အမျိုးမျိုးပေးနေတာတွေကြောင့် တိုက်ခိုက်ခဲ့တာပါ” ဟု Yangon Army (YA) မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ တို့က ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်သော ပစ်မှတ်များ၊ အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးပါ၀င်လုပ်ကိုင်နေကြသောသူများကို ဆက်လက်၍ အပြင်းအထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း YA မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
အလားတူ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၁၀ နာရီ ကျော်ခန့်တွင် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဗဟန်းမြို့မ ရဲစခန်းကို တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ၂ လုံးပစ်သွင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ – ရွှေပေါက်ကံမြို့သစ်မှ အမှတ် ၂၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
