25.6 C
Yangon

PDF များနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ လုပ်ကြံတိုက်ခိုက်မှု ခံရမည်ကို စိုးရိမ်၍ ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲယှဉ်ပြိုင်မည့် အမတ်လောင်းများ၏ အမည်များကို အထူးအရေးကြီးကိစ္စအဖြစ် လျှို့ဝှက်ဖုံးကွယ်ထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

ကြံ့ဖွတ်ပါတီက လာမည့် ဒီဇင်ဘာလ အတွင်း ကျင်းပမည့်​ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများ၏ အမည်စာရင်းများကို ပါတီအတွင်းတွင်ပင် အသိမပေးဘဲ အထူးအရေးကြီးကိစ္စ လျှို့ဝှက်ထားကြောင်း ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အမျိုးသားညီညွတ်ရေအစိုးရ-NUG၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပြင် ကရင်အမျိုးသားအစည်းအရုံး-KNU ကဲ့သို့သော တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာထားရာ ယင်းအခြေအနေများကြောင့် ကြံ့ဖွတ်ပါတီက ၎င်းတို့၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် အမတ်လောင်းများ၏ အမည်စာရင်းကို လျှို့ဝှက်ထားခြင်းဖြစ်ကြောင်း၊ အမတ်လောင်းများ၏ အမည်စာရင်းကို သိရှိသွားပါက PDF များနှင့်တော်လှန်ရေးတပ်ဖွဲ့များ၏ လုပ်ကြံတိုက်ခိုက်မှု ခံရမည်ကို စိုးရိမ်၍ ကြံ့ဖွတ်ပါတီက မပေါက်ကြားစေရန် လျှို့ဝှက်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အမတ်လောင်းစာရင်းက ပါတီမှာရှိတဲ့ ဗဟိုကော်မတီအဆင့်တောင် အကုန်လုံး မသိရဘူး။ ကိုယ့်မြို့နယ်နဲ့ ကိုယ့်ခရိုင်လောက်ပဲသိရတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမတ်လောင်းစာရင်းကို ဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကလွဲရင် ပါတီထဲမှာတောင် လျှို့ဝှက်ထားတယ်။ အဲဒါက လုံခြုံရေးစိုးရိမ်လို့ပါ။ တစ်ဖက်အဖွဲ့တွေကလည်း အရေးယူမယ်၊ လုံခြုံရေး အာမ မခံဘူးနဲ့ ကြေညာနေတော့ ဒီဘက်မှာလည်း လွှတ် တော်ကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေးက အရမ်းကို အရေးကြီးကိစ္စဖြစ်လာတယ်။ အမတ်လောင်း နာမည်စာရင်းတွေ ထွက်သွားရင် လုပ်ကြံသတ်ဖြတ်တာတွေ လာမှာစိုးရိမ်ရတယ်။ အဲဒါကြောင့် ပါတီထဲမှာတောင် ပေးမသိသေးဘူး။ ရွေးကောက်ပွဲလည်း တကယ်စပြီ။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးအတွက်လည်း သေချာ ပြင်ဆင်ပြီးရင်တော့ အသိပေးမယ်လို့ထင်ပါတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော စစ်တပ်လက်အောင်ခံ ရွေးကောက်ပွဲ ကော်မရှင်က ကြံ့ဖွတ်ပါတီအပါအဝင် နိုင်ငံရေးပါတီများက တင်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်နေကြောင်း၊ စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ခုနှင့်တသီးပုဂ္ဂလွှတ်တော် အမတ်လောင်းအရေအတွက် ၄၉၆၃ ဦး တင်သွင်းခဲ့ကြောင်း၊ ယင်းတို့ထဲတွင် ကြံ့ဖွတ်ပါတီက ၁၀၁၈ ဦးဖြင့် အများဆုံးယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ကြံ့ဖွတ်ပါတီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့လွတ်တော်တွင် အမတ်လောင်း ၂၆၅ ဦး၊ အမျိုးသားလွှတ်တော်တွင် အမတ်လောင်း ၁၅၆ ဦး၊ တိုင်း/ပြည်နယ် လွှတ်တော်တွင် အမတ်လောင်း ၅၆၉ ဦး ၊ တိုင်းရင်းသားလူမျိုးစု လွှတ်တော်တွင် ၂၈ ဦး စုစုပေါင်း အမတ်လောင်း ၁၀၁၈ ဦးပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲတွင် အများဆုံးယှဉ်ပြိုင်သော်လည်း မဲဆန္ဒနယ်အပြည့် ယှဉ်ပြိုင်ခြင်းမဟုတ်ဘဲ တချို့သော မဲဆန္ဒနယ်များတွင် လုံခြုံရေးအခြေအနေကြောင့် လက်လွှတ်ထားသည်ဟု သိရှိရသည်။

စစ်တပ်၏ အတုအယောင်​ ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်း ယှဉ်ပြိုင်မည့်ပါတီ ၆ ပါတီနှင့် တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်နိုင်ငံရေးပါတီ ၅၁ ခုနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ကြောင်း သိရှိရသည်။

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) က ကိုယ်စားလှယ်လောင်း ၆၉၄ ဦး၊ သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) က ကိုယ်စားလှယ်လောင်း ၆၇၂ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ကိုယ်စားလှယ်လောင်း ၅၈၄ ဦး၊ ကိုကိုကြီး၏ ပြည်သူ့ ပါတီက ကိုယ်စားလှယ်လောင်း ၅၁၂ ဦး၊ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက် ရေးပါတီက ကိုယ်စားလှယ်လောင်း ၄၂၈ ဦး ၊တိုင်း/ပြည် နယ်များတွင် ယှဉ်ပြိုင်မည့် ဒေသဆိုင်ရာ နိုင်ငံရေးပါတီ ၅၁ ပါတီက ကိုယ်စားလှယ်လောင်း ၉၆၀ ဦးနှင့် တစ်သီးပုဂ္ဂ လ ကိုယ်စားလှယ်လောင်း ၉၅ ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article