ရန်ကုန်၊ အောက်တိုဘာ ၁
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြဌေးက လူငယ်များကို အလုပ်ပေးမည်ဟု လိမ်လည်ခေါ်ဆောင်ပြီး အကြမ်းဖက် စစ်တပ်ထံ စစ်မှုထမ်းတပ်သားသစ် အဖြစ် ငွေကျပ် သိန်း ၁၈၀ ဖြင့် ရောင်းစားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး မြဌေး ဦးဆောင်သော ပျူစောထီး တင်အောင်စိုး (ခ) မိုးပိုင် နှင့် ခင်မျိုးဦး (ခ) မီးမီးတို့ ပါဝင်သည့် အဖွဲ့သည် ပုသိမ်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် နေထိုင်သော လူငယ်များကို မြို့ပေါ်၌ အလုပ်အကိုင်ပေးမည်ဟု လိမ်လည် ခေါ်ဆောင်ကာ အကြမ်းဖက် စစ်တပ်ထံ စစ်မှုထမ်း တပ်သားသစ် အဖြစ် တစ်ဦး လျှင် ငွေကျပ် သိန်း ၁၈၀ ဖြင့် ရောင်းစားနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အုပ်ချုပ်ရေးမှူး မြဌေး၊ ပျူစောထီး တင်အောင်စိုးနှင့် ခင်မျိုးဦးတို့သည် ပုသိမ်မြို့ ကမ်းနားတွင်လည်း ဆိုင်ကယ် TAXI ဆွဲနေသည့် သားငယ် ၊ မြကြီး ဆိုသူတို့နှင့်လည်း ပူးပေါင်းပြီး ခရီးသွားလူငယ်များကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးကာ အကြမ်းဖက် စစ်တပ်ထံ ရောင်းစားမှုများပါ လုပ်ဆောင်ကြောင်း သိရှိရသည်။
အဆိုပါ အုပ်ချုပ်ရေးမှူး မြဌေးသည် မိန်းမ ၂ ယောက်ယူထားပြီး လူရောင်းစားရာမှ ရရှိသော ငွေကြေးများဖြင့် မြေကွက်များ ဆက်တိုက် ဝယ်ယူကာ အိမ်ဆောက်လုပ်နေကြောင်း၊ မြဌေး၏ ဇာတိဖြစ်သော ကျောင်းကုန်းမြို့ ဗိုလ်ချုပ်လမ်းတွင်လည်း ကာလတန်ဖိုး သိန်း ၂၈၀ တန် မြေကွက်ကို ဝယ်ယူထားပြီး အုပ်ချုပ်ရေးမှူးအဖြစ်မှ အနားယူပါက နေထိုင်ရန် တိုက်ခံအိမ် ဆောက်လုပ်နေကြောင်း၊ မြဌေး၏ နောက်လိုက်ဖြစ်သော ပျူစောထီး တင်မောင်စိုးနှင့် ခင်မျိုးဦးတို့သည်လည်း အိမ်ထောင်သည်များဖြစ်သော်လည်း လူမှုရေးဖောက်ပြန်နေကြောင်း သိရသည်။
“၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြဌေး ဦးဆောင်တဲ့ အဖွဲ့က ကျေးရွာမှာနေထိုင်တဲ့ လူငယ်တွေကို မြို့ပေါ်မှာ အလုပ်အကိုင်ရမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင်တယ်။ ပြီးတာနဲ့ စစ်ခွေးတပ်ကို စစ်မှုထမ်း တပ်သားသစ်အဖြစ် ငွေကျပ် သိန်း ၁၈၀ နဲ့ ရောင်းစားပါတယ်။ အခုနောက်ပိုင်း ကမ်းနားမှာပါ။ ခရီးသွားလူငယ်တွေကို ပစ်မှတ်ထားပြီး ပေါ်တာဆွဲ ဖမ်းဆီး စစ်တပ်ကို ရောင်းစားတာတွေပါ လုပ်ဆောင်လာပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင်လည်း အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းကြေးများ လစဉ် အဆမတန် ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ညောင်တုန်းမြို့နယ်၊ ကတုက္ကမကျေးရွာအုပ်ချုပ်ရေးမှုး ကျော်မျိုးထွန်း (ခ) ကြက်ဖ သည် စစ်မှုထမ်းကြေး အဖြစ် ယခင်က တစ်အိမ်လျှင် ၃၀၀၀၀ ကျပ်သာ ကောက်ခံခဲ့ရမှ လက်ရှိချိန်တွင် ၈၀၀၀၀ ကျပ် ကောက်ခံနေကြောင်း၊ ထို့ပြင် ခရီးသွား ထောက်ခံစာများကို ငွေကြေးများစွာ တောင်းခံခြင်း၊ မြေယာအရောင်းအဝယ်များတွင် ငွေကြေးတောင်းခံခြင်းများပါ ပြုလုပ်လာပြီး ငွေကြေးမပေးနိုင်သူများကို ရဲများ ခေါ်ဆောင်ကာ လိုက်လံ ဖမ်းဆီးခိုင်းနေကြောင်း သိရသည်။
“ကတုက္ကမကျေးရွာအုပ်ချုပ်ရေးမှုး ကျော်မျိုးထွန်းက ပြည်သူတွေအပေါ် တော်တော်ဖိနှိပ်နေပါတယ်။ ငွေကြေးအကြပ်တည်းကြောင့် ငွေမပေးနိုင်တဲ့ ပြည်သူတွေကို ရဲခေါ်ပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြပြီး ဖမ်းဆီးခိုင်းတာတွေပါ လုပ်ဆောင်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – ပုသိမ်မြို့ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြဌေး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
