မကွေးတိုင်း၊ မင်းလှမြို့နယ်၊ သရက်- မင်းလှ လမ်းပိုင်းတွင် ကပစ ၂ စစ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးသွားကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၄ နာရီအချိန် သရက်-မင်းလှ လမ်းပိုင်း၊ ဒဟတ်ပင်ရေနံမှော်အနီး ကပစ ၂ မလွန်မှ စစ်အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကား ၄ စီး ဖြတ်သန်းလာစဉ် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုအတွက် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
အဆိုပါ စစ်ယာဉ်တန်းမှာ အထက်မင်းလှမြို့နယ်၊ လင်းကယ်ရဲစခန်း အနီးတ၀ိုက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး ပြန်လာစဉ် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကပစ ၂ မလွန်မှ အင်အား ၁၀၀ ၀န်းကျင်ပါ စစ်စိမ်းရောင် စစ်ဖောကား ၄ စီးက အထက်မင်းလှမြို့နယ် လင်းကယ် ရဲ စခန်း အနီးတဝိုက်ကျေးရွာတွေကို (၃) ညအိပ် (၄)ရက် စစ်ကြောင်းထိုးပြီး အပြန်မှာ ကျနော်တို့ တိုက်ခိုက်တာပါ။ စစ်ယာဉ်တန်းက တိုက်ခိုက်ခံရတဲ့နေရာမှာ ရပ်တန့်ခြင်းမရှိဘဲ ဒဟတ်ပင်ရေနံမှော်ရောက်မှ ရပ်ပြီး လက်နက်ကြီး အချက်ပေါင်းများစွာ နဲ့ ကောင်တာပြန် ပစ်ခတ်ပါတယ်။ အပြန်လမ်းတစ်လျှောက် မည်းမည်းမြင်ရာ ရမ်းသမ်းပစ်ခတ်ပြီး အရှိန်မြှင့်မောင်းပြေးသွားတယ်။ သေဆုံးသူတွေကို ကပစ ၂ ထဲသို့ သယ်ဆောင်သွားပြီး ထိခိုက်ဒဏ်ရာ ရသူတွေကိုလည်း ကပစ ၂ ထဲမှာပဲ ကြိတ်ပြီးကုသနေပါတယ်” ဟု ဗမာပြည်ကာကွယ်ရေးတပ် – USBA မှ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တပ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်နေစဉ် အရပ်သား ကုန်တင်ကား ၁ စီး မောင်းဝင်လာသဖြင့် တော်လှန်ရေးတပ်များက အရပ်သားကားကို မထိစေရန် ရှောင်ပစ်ခတ်ခဲ့ရကြောင်း၊ ထို့ကြောင့် စစ်တပ်ဘက်မှ အကျအဆုံးနည်းသွားရကြောင်း၊ စစ်တပ်က စစ်ယာဉ်တန်း တိုက်ခိုက်ခံရသော နေရာကို မကြာမီ စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းမည်ဟု ကြိမ်းဝါသွားကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် သတိပြု နေထိုင်သင့်ကြောင်း ဗမာပြည်ကာကွယ်ရေးတပ်က သတိပေးသည်။
မင်းလှမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးလာနိုင်ပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ် လာနိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါ ဒဟတ်ပင် ရေနံမှော်အနီးနားရှိ ပြည်သူများအနေဖြင့် သတိဝီရိယထားပြီး စစ်အုပ်စု၏ အန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားကြပါရန် တိုက်တွန်းကြောင်း၊ ခရီးသွား ပြည်သူတွေအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ စစ်ယာဉ်တန်းနှင့် မီတာ်၃၀၀ အတွင်း အနီးကပ်လိုက်ပါခြင်း လုံး၀ မပြုလုပ်ကြရန်၊ ပစ်ခတ်မှု အသံများကြားပါက ဘေးကင်းရာအရပ်မှာ ခေတ္တ ရပ်နားထားပေးကြပါရန် ဗမာပြည်ကာကွယ်ရေးတပ် – USBAက မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ – ဗမာပြည်ကာကွယ်ရေးတပ် – USBAမှ တပ်ဖွဲ့ဝင်တချို့
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
