ရန်ကုန်၊ အောက်တိုဘာ ၉
အာဏာသိမ်းစစ်အုပ်စုက မတရားဖမ်းဆီးပြီး ကြိုးမိန့်ပေးကာသေဒဏ်ချ ကွပ်မျက်ခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော် ရဲ့ ဇနီးဖြစ်သူ မသဇင်ညွန့်အောင်နဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တွေဖြစ်တဲ့ Defend Myanmar Democracy ၊ Myanmar Internet Project တို့ ပူးပေါင်းပြီး နော်ဝေဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော (Telenor) ကို နော်ဝေနိုင်ငံမှာ စတင် တရားစွဲဆိုလိုက်ပြီလို့ Defend Myanmar Democracy အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
တယ်လီနောအသုံးပြုသူတွေရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်း (Call Log) တွေကို စစ်အုပ်စုထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးမကြာမီ စစ်အုပ်စုရဲ့ ဖမ်းဆီး၊ ကွပ်မျက်ခြင်းခံခဲ့ရတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ရဲ့ဇနီး မသဇင်ညွန့်အောင် အပါအဝင် Defend Myanmar Democracy အဖွဲ့နဲ့ Myanmar Internet Project အဖွဲ့တို့ ပူးပေါင်းပြီး တယ်လီနော အေအက်စ်အေ (Telenor ASA) ကို နော်ဝေနိုင်ငံမှာ တရားစွဲဆိုဖို့ စီစဥ်ခဲ့တာလို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်တပ်က အာဏာသိမ်းကြိုးပမ်းမှုစတင်ပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်သူတွေအပေါ် စစ်အုပ်စုက အင်အားသုံးအကြမ်းဖက်နှိမ်နင်းမှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေချိန် တယ်လီနောက အသုံးပြုသူ ပြည်သူတွေရဲ့ မိုဘိုင်းဖုန်းဒေတာ အချက်အလက်တွေကို စစ်အုပ်စုထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလွှဲပြောင်းပေးအပ်ခံရတဲ့ အချက်အလက်တွေထဲမှာ တယ်လီနော အသုံးပြုသူတွေရဲ့ အမည်၊ လိပ်စာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်၊ ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေနဲ့ နောက်ဆုံးတည်နေရာ စတဲ့ အလွန်အန္တရာယ်များပြီး ထိရှလွယ်တဲ့ အချက် အလက်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
အခုလို တယ်လီနောက ပေးအပ်ခဲ့တဲ့ ဒေတာအချက်အလက်တွေကို အသုံးပြုပြီး စစ်အုပ်စုက အရပ်သားတွေကို ခြေရာခံတာ၊ ထိန်းသိမ်းတာနဲ့ နှိပ်စက်ညှဉ်းပန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ဆက်စပ်ပြီး စတေးခံရသူများစွာဟာ အဓမ္မဖမ်းဆီး နှိပ်စက်ညှဉ်းပန်းထောင်ချခံခဲ့ရပြီး အနည်းဆုံး လူတစ်ဦး ကွပ်မျက်ခံခဲ့ရတယ်လို့ Defend Myanmar Democracyအဖွဲ့က ဆိုပါတယ်။
အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စစ်အုပ်စုထံ လွှဲပြောင်းမပေးဖို့ အရပ်ဘက်အဖွဲ့အစည်းများစွာက တရားဝင် တောင်းဆိုတားမြစ်နေတာတွေကြားက တယ်လီနောဟာအချက်အလက်တွေကို လွှဲပြောင်းပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီကနေ တယ်လီနောက ပိုင်ဆိုင်မှုများကို အပြီးတိုင်ရောင်းချပြီး ၂၀၂၂ ခုနှစ်ထဲမှာ မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီအချိန် မြန်မာနိုင်ငံမှာ တယ်လီနော သုံးစွဲသူပြည်သူ ၂၂ သန်းကျော် ရှိနေခဲ့တယ်လို့ Defend Myanmar Democracy အဖွဲ့ကဆိုပါတယ်။
ဒီအမှုက စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေက လူ့အသက် ဘဝများစွာအပေါ် ဆိုးရွားစွာ အန္တရာယ်ဖြစ်စေတဲ့အခါ အထူးသဖြင့် မြန်မာနိုင်ငံလို ပဋိပက္ခဖြစ်ပွားရာဒေသမျိုးမှာ စီးပွားရေးလုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့အခါ အဆိုပါစီးပွားရေးလုပ်ငန်းတွေရဲ့ တာဝန်ယူမှု (corporate accountability) နဲ့ သက်ဆိုင်ရာနိုင်ငံအစိုးရရဲ့ ကြီးကြပ်မှုတို့ အရေးတကြီး လိုအပ်ကြောင်းကို ထပ်လောင်းအလေးပေးဖော်ပြတာဖြစ်တယ်လို့ လူအခွင့်အရေးလှုပ်ရှားတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
တယ်လီနော အသုံးပြုသူအားလုံးရဲ့ အချက်အလက်တွေကို လက်ရှိမှာ စစ်အုပ်စုနဲ့ပတ်သက်ဆက်စပ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက ထိန်းချုပ်ထားပြီး ရွှေဗျိုင်းဖြူဟာ တယ်လီနောရဲ့ပိုင်ဆိုင်မှုတွေကို လက်ဘနွန်အခြေစိုက် M1 Group နဲ့ ပူးပေါင်းဝယ်ယူကာ လက်ရှိမှာ ATOM Myanmar နာမည်နဲ့ လုပ်ငန်းလည်ပတ်နေပါတယ်။
