မြန်မာစစ်တပ်ရဲ့ အဲဒီ တိုက်ခိုက်မှုဟာ အရပ်သားတွေကို ပစ်မှတ်ထား စစ်ရေးအရ တိုက်ခိုက်တဲ့ လုပ်ရပ်တစ်ခုအဖြစ် ဖော်ပြခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောဆိုတယ်လို့ ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောဆိုပါတယ်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ဆီမီးထွန်းပွဲကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကျဲချတာကြောင့် အနည်းဆုံး လူ ၂၄ ဦး သေဆုံးပြီး ၅၅ ဦးဒဏ်ရာရရှိကာ သေဆုံးထိခိုက်သူတွေမှာ ကလေးတွေနဲ့ အမျိုးသမီးတွေပါ ပါဝင်နေတာဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ရန်ကုန်အခြေစိုက် ယူကေ၊ ဩစတြေးလျနဲ့ ဆွစ်ဇာလန်သံရုံးတို့က ကန့်ကွက်ရှုတ်ချကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
သြစတြေးလျအနေနဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်ကျင်းပနေစဉ်ကာလအတွင်း တိုက်ခိုက်ခံရမှုတွေအပါအဝင် ပြည်သူလူထုအပေါ် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းရဲ့ ဆက်လက်တိုက်ခိုက်နေမှုတွေကို ရှုတ်ချတယ်လို့ ဆိုပါတယ်။
ဆွစ်ဇာလန်သံရုံးကလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က ဘာသာရေးပွဲတော်အတွင်း ကလေးငယ်တွေအပါအဝင် အရပ်သား ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့ မြန်မာ့တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။
အရပ်သားတွေကို မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်တာဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆွစ်ဇာလန်သံရုံးက ဆိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံအနေနဲ့ ပဋိပက္ခနဲ့သက်ဆိုင်တဲ့ အဖွဲ့တွေအားလုံးကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေအောက်ကနေ တာဝန်ဝတ္တရားတွေကို အပြည့်အ၀ လေးစားလိုက်နာဖို့နဲ့ အရပ်သားတွေကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့ အစီအမံတွေအားလုံးကို တောင်းဆိုတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ဟာ နိုင်ငံတစ်ဝှမ်းက အရပ်သားတွေအပေါ် နက်ရှိုင်းစွာ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။
အလားတူဘဲ အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီမတွေ အတားအဆီးမရှိ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်စေရေး ၊ မတရားထိန်းသိမ်းခံထားရတဲ့ အကျဥ်းသားတွေကိုလွှတ်ပေးရေးနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ကြဖို့ တောင်းဆိုတယ်လို့ ဩစတြေးလျ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူကေသံရုံးကတော့ စစ်ကိုင်းတိုင်းချောင်းဦးမြို့မှာ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ပွဲတော်ရက်အတွင်း ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေသေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုသတင်းတွေ ကြားသိရတာ အင်မတန်မှ တုန်လှုပ်ဖွယ်ကောင်းပါတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမျိုးအတွက် လက်ခံနိုင်ဖွယ်အကြောင်းပြချက် လုံးဝ မရှိပါဘူးလို့ ဆိုပါတယ်။
“မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ယူကေအစိုးရအနေနဲ့ ရှုတ်ချပါတယ်၊ မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး အရပ်သားပြည်သူတွေ အထူးသဖြင့် ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ တိုက်တွန်းပါတယ်” လို့ ရန်ကုန်အခြေစိုက် ဗြိတိသျသံရုံးအကြီးအကဲ အင်ဒရူး ဂျက်ဆင်က ပြောဆိုသွားပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
