31.2 C
Yangon

မင်းအောင်လှိုင်က စိုးဝင်းကို အရေးပါသော အစိုးရဝန်ကြီးဌာနဆိုင်ရာ အမျိုး သားအဆင့်ကော်မတီများနှင့်ဗဟိုကော်မတီများမှ ဖယ်ထုတ်၊ စစ်ဘက်ဆိုင်ရာတွင်လည်း စိုးဝင်း အစား ကျော်စွာလင်းကို အဓိက ဆုံးဖြတ်ခွင့် တာဝန်များပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိုးဝင်းကို အရေးပါသော အစိုးရဝန်ကြီးဌာနဆိုင်ရာ အမျိုးသားအဆင့်ကောမတီများနှင့် ဗဟိုကော်မတီများမှ ဖယ်ထုတ်လိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် စစ်တပ်က ထုတ်ပြန်ထားသော ပြန်တမ်းများအရ သိရှိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့ စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီး ကာ/လုံက အစိုးရသစ်ပုံစံ ပြန်လည် ဖွဲ့စည်းခဲ့ရာတွင် ယခင်က စိုးဝင်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသားအဆင့်ကော်မတီနှင့် ဗဟိုကော်မတီများတွင် စိုးဝင်းကို ပြန်လည် ခန့်အပ်ခြင်းမရှိတော့ဘဲ မင်းအောင်လှိုင်နှင့် နိုင်ငံတော်ဝန်ကြီးအဖြစ် တာဝန်ပေးခံရသူ ညိုစောတို့ကသာ အဓိက ဦးဆောင်သူ ဥက္ကဋ္ဌ များဖြစ်လာကြောင်း၊ နိုင်ငံအတွက် အရေးပါသော အမျိုးသားအဆင့် ကော်မတီနှင့် ဗဟိုကော်မတီ ၁၃ ခုထက်မနည်းတွင် စိုးဝင်းကို ဖယ်ထုတ်လိုက်ကြောင်း သိရှိရသည်။

ယခင်က စိုး၀င်းက ဦးဆောင်သူ အဖြစ် ဆောင်ရွက်ခွင့် ရခဲ့သော ဘဏ္ဍာရေးကော်မရှင် ၊ အမျိုးသားစီမံကိန်းကော်မရှင် တို့တွင် မင်းအောင်လှိုင်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ညိုစောကို ဒုတိယဥက္ကဋ္ဌ အဖြစ် ခန့်အပ်ထားပြီး စိုးဝင်းကို လုံး၀ ထည့်သွင်းဖွဲ့စည်းခြင်းမပြုတော့သည်ကို တွေ့ရှိရသည်။

စိုးဝင်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သော အမျိုးသားသဘာ၀ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ကော်မတီတွင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီတွင်လည်း ဝန်ကြီးချုပ် ညိုစောကို ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှု ပြန်လည် စိစစ်ရေးကော်မတီတွင်လည်း ညိုစောကို ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ခန့်အပ်ထားသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်ကော်မတီတွင်လည်း မင်းအောင်လှိုင်က ဥက္ကဋ္ဌ ၊ ညိုစော ဒုတိယဥက္ကဋ္ဌ အဖြစ် ပါဝင်ပြီး စိုးဝင်းကို လုံး၀ ဖယ်ထုတ်လိုက်ကြောင်း၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်လည်း ညိုစောက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ မြန်မာ့အထူးစီးပွားရေး ဇုန်ဆိုင်ရာ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့တွင် ညိုစောက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ပါဝင်ပြီး စိုးဝင်းမှာ လုံး၀ ပါဝင်ခြင်းမရှိတော့ပေ။

သို့ရာတွင် အုပ်ချုပ်ရေးယန္တရားအတွက် အရေးမပါသော ကော်မတီနှင့်အဖွဲ့များတွင် စိုးဝင်းကို ဆက်လက် ထည့်သွင်းဖွဲ့စည်းထားသည်ကို တွေ့ရှိရပြီး ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် ချီးမြှင့်ရေး စိစစ်ရေးအဖွဲ့တွင် စိုးဝင်းကို နာယကအဖြစ်လည်းကောင်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် စိုးဝင်းကို ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း မင်းအောင်လှိုင်က ထည့်သွင်းဖွဲ့စည်းထားသည်။

အလားတူ စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲရေးများတွင်လည်း ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို မင်းအောင်လှိုင်က အဓိ က စီမံခန့်ခွဲရန် တာဝန်ပေးထားသဖြင့် စိုးဝင်းမှာ စစ်ဘက်ရေးရာနှင့် စစ်ရေးဆိုင်ရာ စီမံခန့်တွင်လည်း လုပ် ပိုင်ခွင့်နည်းလာကြောင်း သိရှိရသည်။

“စစ်ဘက်ရော အရပ်ဘက်ရောမှာ ဒုတပ်ချုပ်ကို တာဝန်ပေးတာ အတော်ကို နည်းလာတာတွေ့ရပါတယ်။ ဒါက နှစ်ဦးကြားမှာ အဆင်မပြေလို့ ဆိုတာထက် တပ်ချုပ်က သူ့လူတွေကို ပိုပြီး ပွဲထုတ်လာတာမျိုးလို့ ပြောလို့ရတယ်။ ဒုချုပ်ရဲ့ ဩဇာနဲ့ အာဏာ ကျဆင်းအောင် လျှော့ချမှုလို့ ပြောလို့ရပါတယ်။ ကြံ့ခိုင်ရေးပါတီဆီကို ပြောင်းရွှေ့လိုက်တဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ ဒုဗိုလ်ချုပ်ကြီးတွေမှာလည်း ဒုတပ်ချုပ်ရဲ့ လူတွေ မပါဝင်ပါဘူး။ ဒုတပ်ချုပ်ရဲ့ လူတော်တော်များများ စစ်ဘက်ရော အရပ်ဘက်မှာပါ နေရာမရတာများပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းတွင်လည်း မင်းအောင်လှိုင်က ညိုစော၊ အောင်လင်းဒွေးနှင့် ရဲဝင်းဦးတို့ကို ဗိုလ်ချုပ်ကြီးရာထူးများ တိုးမြှင့်ပေးခဲ့ပြီးနောက် ဒုစစ်ခေါင်း ဆောင် စိုးဝင်း၏ ရုံးခန်းကို ၎င်း၏ ဘေးချင်းကပ် အခန်းနေရာတွင် မထားတော့ဘဲ အခြားနေရာသို့ အတင်းအကျပ်ပြောင်းရွှေ့စေခဲ့သည်။

မူလက ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ စစ်ရုံးမှ ရုံးခန်းနှင့် သမ္မတအိမ်တော်ရှိ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ရုံးခန်းတို့မှာ မင်းအောင်လှိုင်နှင့်အခန်းချင်း ဘေးကပ်လျက်တွင် ထားရှိခဲ့ခြင်းဖြစ်သော်လည်း ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် စိုးဝင်း၏ စစ်ရုံးမှ ရုံးခန်းကို အောက်ထပ်သို့ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ရုံးခန်းကို သမ္မတ အိမ်တော်မှ ဒုတိယသမ္မတအိမ်တော်ရုံးခန်းသို့လည်းကောင်း မင်းအောင် လှိုင်က အတင်းအကျပ် ပြောင်းရွှေ့ခိုင်းခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article