အကြမ်းဖက်စစ်တပ်က အာရှလမ်းမကြီးကို ပြန်လည် ဖွင့်လှစ်ရန် လုပ်ဆောင်နေသည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက် ယမန်နေ့ ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်ကမ်းဘေးရှိ BGF နယ်ခြားစောင့်တပ်ဂိတ်နှင့် KNU/KNLA PC ဂိတ်များကို စစ်တပ်နှင့်ဌာနပေါင်းစုံက ဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း မြ၀တီအခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း မြဝတီ၊နယ်စပ်သောင်ရင်းချောင်းကမ်းနဖူးတွင် အထိုင်ချဖွင့်လှစ်ထားသည့် BGF ဂိတ်၊ KNU/KNLA PC ဂိတ်နှင့် ကျားဖြန့်ရုံများကို စစ်တပ်၊ ထွေ/အုပ်၊ ရဲ အပါအဝင် ဌာနပေါင်းစုံ အဖွဲ့က ဝင်ရောက်စစ်ဆေးကြောင်း၊ စစ်ဆေးရာတွင် နှစ်ဖက်ညှိနှိုင်းပြီးမှ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မည်သည့် ဖမ်းဆီးမှု ၊ အရေးယူမှုမှ မရှိဘဲ ဂိတ်များကို သွားရောက် လှည့်လည် ကြည့်ရှု စစ်ဆေးခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။
“BGF ရော PC ကရော ခွင့်ပြုတယ်။ စကမကလည်း လိုက်ကြည့်တာပဲ လုပ်တာ။ ဖမ်းဆီးအရေးယူတာ ဘာမှ မရှိဘူး။ သူတို့ မမြင်ဖူးလို့ လိုက်ကြည့်တဲ့သဘောမျိုးပဲ။ စကမ တွေ လာကြည့်မယ့်အချိန်မှာ ဒီဘက်က လူတွေ အားလုံးရှင်းပေးထားတယ်။ ကြည့်ပြီး ပြန်သွားတော့မှ BGF နဲ့ PC က ပြန် နေရာယူတယ်။ For Show လုပ်တာမျိုးလို့ ထင်ပါတယ်” ဟု မြ၀တီအခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်း အာရှလမ်းမကြီးကို ပြန်လည် ဖွင့်လှစ်နိုင်ရေး စစ်တပ်က ကြိုးစားနေပြီး BGF ၊ KNU/KNLA PC နှင့် DKBA တို့ကလည်း အာရှလမ်းမကြီး ဖွင့်လှစ်မှုတွင် အကျိုးအမြတ်များ စစ်တပ်က ပေးရန် ရှိနေကြောင်း သိရှိရသည်။
“အာရှလမ်းမကြီး ဖွင့်ဖို့ လုပ်နေတယ်။ အခုကြားတာက အောက်တိုဘာလ ၁၈ ရက်နေ့လိုလို အောက်တိုဘာလ ၁၇ ရက်နေ့လိုလို ကြားတယ်။ အာရှလမ်းမကြီးမှာ BGF ၊ DKBA နဲ့ PC ကို ဂိတ်တွေနဲ့ အပိုင်စားနေရာတွေ ပေးမယ်လို့ သတင်းတွေ ထွက်နေတယ်။ ဖြစ်နိုင်ပါတယ်။ ဒီအာရှလမ်း ပြန်စိုးမိုးအောင် သူတို့က စစ်တပ်ကို အထောက်အကူပေးခဲ့တာပဲ။ ပွင့်ပွင်လင်းလင်းပြောရရင်တော့ စစ်တပ်က သူတို့ လက်လွှတ်ထားရမယ့်အတူ ကရင်လက်နက်ကိုင်တွေကို သွေးခွဲပြီး နယ်မြေ အပိုင်စားနဲ့ စီးပွားရှာခွင့်ပေးလိုက်တာ။ တစ်ဖက်မှာလည်း KNU ကို အင်အားချိနဲ့ အောင် လုပ်တဲ့သဘောလို့ မြင်ပါတယ်” ဟု မြ၀တီ စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို BGF နှင့် DKBA အပါအဝင် စစ်တပ်နှင့်အဆင်ပြေနေသည့် ကရင် လက်နက်ကိုင်တချို့က ထောက်ခံပြီး ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကူညီမည်ဟု ကြေညာချက်များ ထုတ်ပြန်ထားသည်။
သို့ရာတွင် ကရင်အမျိုးသားအစည်းအရုံး-KNU ကမူ ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ဘဲ ရွေးကောက်ပွဲ ကျင်းပမှုများကို အရေးယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာ KNU တပ်မဟာများအလိုက် ကြေညာချက်များ အသီးသီးထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


