ရန်ကုန်၊ အောက်တိုဘာ ၁၅
မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်နေသည့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကို နိုင်ငံတကာက တုန့်ပြန်အရေးယူရန် ပျက်ကွက်နေခြင်းကြောင့် ကြောက်မက်ဖွယ်ရာ နောက်ဆက်တွဲအကျိုးဆက်များကို မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေက ထင်ရှားစွာ လှစ်ဟပြသနေကြောင်း ကုလသဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။
ယမန်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ၊ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ)၏ အထွေထွေဆွေးနွေးပွဲအစီအစဉ်အမှတ် ၈၁ “လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ” ခေါင်းစဉ်ဖြင့် အထွေထွေဆွေးနွေးမှုအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာ အနှံ့တွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဆက်လက်ဖြစ်ပေါ် နေလျက်ရှိ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းက ပြတ်သားစွာ တုန့်ပြန်အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေခြင်း၏ ကြောက်မက်ဖွယ်ရာ နောက်ဆက်တွဲ အကျိုးဆက်များကို မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေက ထင်ရှားစွာ လှစ်ဟ ပြသနေကြောင်း၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့သည့် မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား၏ အစီရင်ခံစာ၌ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် ရာဇဝတ်မှုများ ပိုမိုပြင်းထန်လာလျက်ရှိကြောင်းကို စိုးရိမ်ဖွယ်ရာ အထောက်အထားများဖြင့် ဖော်ပြထားကြောင်း သံအမတ်ကြီးက ပြောဆိုသည်။
အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို တာဝန်ခံမှုမှ ရှောင်လွှဲရန် ကြံစည်၍ တရားမဝင် အာဏာသိမ်းမှုကို တရားဝင်စေရန် ရည်ရွယ်ချက်ဖြင့် အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စီစဉ်နေကြောင်း၊ တရားဝင်မှုကို အတုအယောင် ဖန်တီးရန် ကြိုးပမ်းမှုများသည် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှု ကျူးလွန်သူများကို အပြစ်ပေးအရေးယူခံရမှုမှ ကာကွယ်ပေးနိုင်မည်လည်း မဟုတ်သလို အကာအကွယ်လည်း မပေးသင့်သည်ကို သတိပြုရန်လိုအပ်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးနှင့် အခြားသော သက်ဆိုင်ရာ တရားစီရင်ရေးယန္တရားများ၏ သင့်လျော်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များမှတစ်ဆင့် အပါအဝင် အပြစ်ပေးအရေးယူရမည်ဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေသော အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာပယ်ချပစ်ရန်နှင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီးမျှတသောအနာဂတ်ကိုရရှိစေရေးတို့အတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများတွင် ခိုင်ခိုင်မာမာ အတူတကွ နည်းလမ်းအားလုံးကို အသုံးပြု၍ ရပ်တည်ပေးကြရန် အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကို သံအမတ်ကြီးက တောင်းဆိုသည်။
စစ်တပ်က တရားမဝင် အာဏာသိမ်းပြီး လေးနှစ်ကျော်ကာလအတွင်း အကြမ်းဖက် စစ်တပ်သည် ခွဲခြားမှုမရှိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၃,၇၄၄ ကြိမ် ကျူးလွန်ခဲ့ပြီး၊ အပြစ်မဲ့ ပြည်သူပေါင်း ၄,၁၃၅ ဦး ဆုံးရှုံးခဲ့ရကာ ကျောင်း၊ ဆေးခန်းနှင့် ဘာသာရေးအဆောက်အအုံ တစ်ထောင်ကျော်အပါအဝင် ပုဂ္ဂလိကအဆောက်အဉီပေါင်း ၁၀၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်ပါကြောင်း၊လက်ရှိအချိန်ထိ မှတ်တမ်းတင်အတည်ပြုထားနိုင်သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၄၅၂ ကြိမ်ကျူးလွန်ခဲ့ပြီး၊ ကလေးငယ် ရာဂဏန်းအပါအဝင် အရပ်သား ၄,၇၆၃ ဦး သေဆုံးခဲ့ရပါ ကြောင်း၊အကြမ်း ဖက်စစ်တပ်သည် တရားမဝင်အတင်းအကြပ် စစ်သားစုဆောင်းမှုပေါင်း ၁,၆၁၈ ကိုလည်းကျူးလွန်ခဲ့ပြီး အရွယ်မရောက်သေးသူများအပါအဝင် လူပေါင်း ၃၀,၀၀၀ ကျော် ကို အတင်းအကျပ်စစ်သားစုဆောင်းခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်နေ့တွင်ပင် အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ချောင်းဦးမြို့နယ်တွင် လူစုလူဝေးအတွင်းသို့ လူမဆန်စွာ လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ကလေးငယ်များအပါအဝင် အရပ်သား ၂၀ ခန့် အသက်ဆုံးရှုံးခဲ့ရကာ လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ကြပါကြောင်း သံအမတ်ကြီးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေရာတွင် ချင်း၊ ကချင်၊ ကရင်နီ (ကယား)၊ ကရင်၊ ရခိုင်၊ ရှမ်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများရှိ အရပ်သားများအပေါ် ခွဲခြားမှုမရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ သိသိသာသာ များပြားလာခြင်း၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ကလေးသူငယ်များအပါအဝင် လူထောင်ပေါင်းများစွာကို ဥပဒေမဲ့အကျဉ်းချမှုများ ရှိနေကြောင်း သံအမတ်ကြီး ကရှင်းပြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


