30 C
Yangon

တစ်နိုင်ငံလုံး အပစ်ရပ်စဲစာချုပ်တွင် လက်မှတ်ထိုးခဲ့သည့်အဖွဲ့များ မပါသည့်တိုင် NCA လုပ်ငန်းစဉ်များ ဆက်သွားမည်ဟု အကြမ်းဖက် ဇော်မင်းထွန်း ပြော

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ထိုးသည့်အဖွဲ့များ မပါသည့်တိုင် NCA လုပ်ငန်းစဉ်များ ဆက်သွားမည်ဟု အကြမ်းဖက် စစ်တပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

ယမန်နေ့ NCA ၁၀ နှစ်ပြည့်အခမ်းအနားအပြီး စစ်တပ်လက်အောက်ခံ ဝါဒဖြန့် မီဒီယာများသို့ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

NCA စာချုပ်ကို စက္ကူစုတ်ဖြစ်သွားပြီဆိုသော ကြေညာချက်များ တွေ့ရှိရကြောင်း၊ NCA စာချုပ်သည် စက္ကူစုတ်မဟုတ်ဘဲ နိုင်ငံ တကာအသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့သော စာချုပ်ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးခဲ့သော အဖွဲ့အစည်းများ ရှိနေသမျှ ကာလပတ်လုံး NCA စာချုပ် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

“NCA စာချုပ်သည် နိုင်ငံတကာ အသိသက်သေတွေရဲ့ ရှေ့မှာ အားလုံးက EAO တွေရဲ့ သဘောတူညီချက် နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီအပြင် သူတို့ ပြောသလို NCA စာချုပ်က စက္ကူစုတ်ဖြစ်သွားစရာလည်း အကြောင်းမရှိဘူး။ ဒီအဖွဲ့အစည်းတွေ ရှိနေသမျှ ကာလပတ်လုံး NCA စာချုပ် NCA ကတိကဝတ်ဆိုတာ ရှိနေမယ်။ NCA ဆိုတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတဲ့ ငြိမ်းချမ်းရေးဆိုတာ တစ်ခုနဲ့တင်မဟုတ်ပါဘူး။ သူသည် နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေးအထိပါတဲ့အတွက်ကြောင့်မို့ သူတို့ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ ဒီလုပ်ငန်းစဉ်က ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ် ကြီးသည် ခုနက ကျနော်ပြောသလို မရှိသေးတာထက် ရှိတဲ့ဟာက ပိုကောင်းပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းထားခြင်းနှင့် စစ်တပ်က ပြည်သူလူထုကို သတ်ဖြတ်နေခြင်းကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ ရပ်ဆိုင်းသွားပြီး စက္ကူစုတ် တစ်ခုအဖြစ် ရောက်ရှိသွားပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦးCNF ၊ ပအိုဝ်း PNLO ၊ ABSDF ၊ NMSP နှင့် LDU တော်လှန်ရေးတပ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ခုက စုပေါင်း ကြေညာခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုသည် NCA စာချုပ်၏ အနှစ်သာရ၊ အခြေခံမူများ နှင့် ရည်မှန်းချက်များ ကို ပြောင် ပြောင်တင်းတင်း ဖျက်ဆီးလိုက်ပြီ ဖြစ်ပြီး NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်လည်း ရပ်ဆိုင်း သွားကာ စက္ကူစုတ်တခုအဖြစ်သို့ ရောက်ရှိသွားစေကြောင်း၊ NCA စာချုပ်အပေါ် ကျင့်ဝတ်စောင့်ထိန်းခြင်းမရှိဘဲ အကြိမ်ကြိမ်ချိုးဖောက်ခဲ့သော စစ်အုပ်စုက ပြည်သူလူထု ကို အင်အားသုံးကာ ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လာခဲ့သည်သာမက လေကြောင်းတိုက်ခိုက်မှု များ အပါအဝင် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန်လျက် ရှိကြောင်း တိုင်းရင်သားနှင့်တော်လှန်ရေးတပ်ဖွဲ့ ၆ ခုက ကြေညာခဲ့သည်။

စစ်အုပ်စု၏ NCA အမည်ခံပြီး ပြုလုပ်သည့် ဟန်ပြလုပ်ငန်းစဉ်များ နှင့် စစ်အုပ်စုမှ ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ခဲ့၍ ပျက်ပြယ်သွားပြီဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ကျင်းပရန် ပြင်ဆင် နေသည့် အတုအယောင် ရွေးကောက်ပွဲတို့သည် စစ်အာဏာရှင်များက နိုင်ငံကို တသက်လုံး ထိန်းချုပ်နိုင်ရေး တရားဝင်မှုရှိရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း၊နိုင်ငံ၏ အကျပ်အတည်းနှင့် ပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ပဋိပက္ခများသာ ပို၍ ရှည်လျား စေမည်ဖြစ်ကြောင်း ကြေညာထားသည်။

တိုင်းရင်းသားတော်လှန်ရေးတပ်များအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရေး၏လမ်းစဖြစ်သည့် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်မှုမရှိစေရန်၊ ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရား မျှတမှုရရှိရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲ နိုင်ရန်အတွက် တော်လှန်တိုက်ပွဲဝင် နေကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူတကွ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်နိုင်သည်အထိ သံန္နိဌာန်ချ တစိုက်မတ်မတ်တိုက်ပွဲဝင်နေမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article