26 C
Yangon

သထုံတွင် ဗိုလ်မှူး ဆန်းဝင်းအောင်နှင့် ခရိုင်ရဲမှူး ဒုရဲမှူးကြီး မြင့်နိုင်တို့ ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး လူငယ် ၁ ဦးလျှင် သိန်း ၅၀ ဖြင့် ငွေညှစ် ပြန်ရွေးခိုင်း၊ ငွေကြေးမတတ်နိုင်သူများကို စစ်မှုထမ်းသင်တန်းကျောင်းပို့ဆောင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံကောင်စီဝင် ဗိုလ်မှူး ဆန်းဝင်းအောင်နှင့် ခရိုင်ရဲမှူး ဒုရဲမှူးကြီး မြင့်နိုင်တို့ ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး လူငယ် ၁ ဦးလျှင် သိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သထုံမြို့နယ်တွင် ပျူစောထီး၊ စစ်တပ်နှင့် ရဲများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများကို နေ့ရော ညပါ တိုးမြှင့် လုပ်ဆောင်လာကြောင်း၊ ဖမ်းဆီးရရှိသော လူငယ်များကို ပြန်လည် ရွေးယူမည်ဆိုပါက သထုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဗိုလမှူး ဆန်းဝင်းအောင်နှင့် သထုံခရိုင် ရဲမှူး ဒုတိယရဲမှူးကြီး မြင့်နိုင်တို့ထံတွင် သွားရောက် ရွေးယူရကြောင်း၊ ငွေကြေးမတတ်နိုင်၍ မရွေးနိုင်သူများကို စစ်သင်တန်းကျောင်းသို့ တိုက်ရိုက်ပို့ဆောင်နေကြောင်း သိရှိရသည်။

“သထုံမှာ နေ့ရော ညပါ လူငယ်တွေ တော်တော်များများ ပေါ်တာအဆွဲခံနေရတယ်။ အိမ်ပေါ်အထိပါ ဧည့်စာရင်းဆိုပြီး ပေါ်တာတက်ဆွဲတာ။ ဖမ်းဆီးခံရပြီးရင် ၃ ရက်နဲ့ ၅ ရက်အတွင်း ငွေနဲ့ ရွေးခိုင်းတယ်။ လူငယ် ၁ ဦးကို သိန်း ၅၀ နဲ့ ရွေးရပါတယ်။ သူတို့​ စောင့်တဲ့ ရက်မှာ မရွေးနိုင်ရင်တော့ တစ်ခါတည်း စစ်မှုထမ်းသင်တန်းကျောင်းကို ပို့ပါတယ်။ “ဟု သထုံမြို့နယ်မှ တော်လှန်ရေး ကင်းထောက်လည်းဖြစ်၊ တက်ကြွလှုပ်ရှားသူလည်းဖြစ်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

သထုံမြို့နယ်တွင် ဗိုလ်မှူး ဆန်းဝင်းအောင်(DSA -48) နှင့် သထုံခရိုင်ရဲမှူး ဒုရဲမှူးကြီး မြင့်နိုင်တို့မှာ နှစ်များစွာ ကြာမြင့်နေပြီဖြစ်ပြီး ငွေကြေးတတ်နိုင်သော ပြည်သူများနှင့် လုပ်ငန်းရှင်များ၏ နေအိမ်များ၊ လူငယ် တူသားများကိုလည်း သိရှိကြောင်း၊ ထို့ကြောင့် ငွေကြေးတတ်နိုင်သူများကို ပစ်မှတ်ထား ဖမ်းဆီး ငွေညှစ်မှုများ မကြာခဏ ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည။

“ဗိုလ်မှူး ဆန်းဝင်းအောင် လက်အောက်က ပျူစောထီးခေါ်မလား၊ ပြည်သူ့စစ် ခေါ်မလား၊ အဲဒီကောင်တွေက အရမ်းရိုင်းစိုင်းတယ်။ ညတိုင်းကင်းလှည့်ပြီးလမ်းမှာတွေ့ရာလူကြီးတွေရောအသက်မပြည့်သေးတဲ့လူငယ်တွေကို ရော ဆဲဆို ရိုက်နှက်တယ်။ စစ်မှုထမ်း အကျုံးဝင်ရင်တော့ တစ်ခါတည်း ဖမ်းဆီးပြီး ပေါ်တာဆွဲတယ်” ဟု သထုံဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

မကြာသေးမီက သထုံမြို့ပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရသော လူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက သိန်း ၅၀ ဖြင့် မရွေးနိုင်သဖြင့် သားဖြစ်သူကို စစ်မှုထမ်းအပတ်စဉ် ၁၈ သို့ စစ်တပ်က ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

“ဖမ်းတာက ဆိုင်ကယ်စီးတာ ဦးထုပ်မဆောင်းလို့ဆိုပြီး ဖမ်းသွားတာ။ ဖမ်းပြီးတော့ သိန်း ၅၀ နဲ့ လာရွေးခိုင်းတယ်။ ဆိုင်ကယ်စီးလို့ ဦးထုပ်မဆောင်းတာ သိန်း ၅၀ ဆိုတော့ ဘယ်လို ရွေးမလဲ။ မရွေးနိုင်တော့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ စစ်မှုထမ်း အပတ်စဉ် ၁၈ ကို အပို့ခံလိုက်ရပါတယ်” ဟု ဖမ်းဆီးခံလူငယ်၏ ဆွေမျိုးက ရှင်းပြသည်။

သထုံမြို့နယ်တွင် လစဉ် စစ်မှုထမ်းအဖြစ် လူငယ် ၁၅၀ နှင့် ၃၀၀ အကြား ဖမ်းဆီးခံနေရပြီး စစ်မှုထမ်းအဖြစ် ပို့ဆောင်ခံနေရကြောင်း သထုံမြို့၏ ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။

ဓာတ်ပုံ- သထုံမြို့မှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်ရာတွင် ဦးဆောင်နေသူ ဗိုလ်မှူး ဆန်းဝင်းအောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article