မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၃ ဦးကို စစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၇နာရီအချိန် ပခုက္ကူ တပ်၁၀၁မှ ထွက်လာသော စစ်ကား ၃ စီးပါ စစ်တပ်စစ်ကြောင်းက ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ရွာသို့ ဝင်ရောက်စီးနင်းပြီး လူငယ် ၃ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသော လူငယ်များမှာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းဖြစ်ပြီး စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရှီရသည်။
“စစ်ခွေးတွေက အရှေ့ချောက်ကန်ရွာကို ဝင်ရောက်စီးနင်းပြီး လူငယ် ၃ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။ မနေ့မနက် ၇နာရီအချိန်မှာဝင်ဖမ်းတာ။ ဖမ်းသွားတာက လူငယ်တွေချည်းပါပဲ။ လက်ရှိမှာ သူတို့ ဘယ်မှာ ဖမ်းဆီးထားလဲဆိုတော့ မသိရသေးဘူး။ မနေ့ ညနေပိုင်းအထိ စစ်တပ်က အရှေ့ချောက်ကန်ကျေးရွာမှာပဲ ရှိနေတာပါ” ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိတ်ဆွေက ရှင်းပြသည်။
အလားတူ မကွးတိုင်း စလင်းမြို့ပေါ်ရှိ မြို့မစျေးအနီးတွင် စစ်တပ်နှင့် ပျူစောထီးများက လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၁၉ရက်နေ့ စလင်းမြို့ပေါ် ရှိ စလင်းမြို့မစျေးပတ်ဝန်းကျင်တွင် စစ်တပ်နှင့် ပျူစောထီးများ လူငယ် ၄ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများမှာ ဘေးတွဲဆိုင်ကယ်မောင်းသူ ၂ ဦးနှင့် စလင်းမြို့ပေါ်တွင် စျေးလာဝယ်သည့် ကျေးရွာများမှ လူငယ် ၂ ဦး ဖြစ်ကြောင်း သိရှိရသည်။
“ဖြစ်စဥ်က စလင်းမြို့မစျေးပတ်ဝန်းကျင်မှာ ပေါ်တာအဆွဲခံရတာပါ။ ဘေးတွဲဆိုင်ကယ်မောင်းတဲ့သူ ၂ ယောက်ပါတယ်။ အဖမ်းခံရသူတွေက အသက် အရွယ် ၃၀ကျော်ကနေ အသက် အရွယ် ၄၀အတွင်းလို့ သိရတယ်။ နာမည်တွေ ကျေးရွာတွေတော့ သေချာမသိရသေးဘူး။ “ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၁၆ ရက်နေ့တွင် စလင်းမြို့နယ်၊ ကြက်သကိုင်ရွာ တောင်ဘက်ခြမ်း အမှိုက်ကျင်းတွင် ပလုံကောက်နေသည့် သားအဖ ၃ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ဖခင်ဖြစ်သူကို ခေါ်ဆောင်သွားကြောင်း၊ အောက်တိုဘာလ ၁၆ ရက်နေ့တွင်ပင် စလင်းမြို့နယ်၊ သေနပ်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၄ ဦးကိုလည်း ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ရန်ကုန်တွင် ညပိုင်း လှည့်လည်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ များ။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




