32 C
Yangon

အကြမ်းဖက်စစ်တပ်က မသန်စွမ်းများကို နေအိမ်များတွင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့မှု ကုလသမဂ္ဂအစည်းအဝေးတွင် ဦးကျော်မိုးထွန်း တင်ပြ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

အကြမ်းဖက်စစ်တပ်က မသန်စွမ်းများကို နေအိမ်များတွင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်ယဉ်ကျေးမှု ရေးရာကော်မတီ (တတိယကော်မတီ)တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်က အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် မသန်စွမ်းသူ ၁၁၇ ဦး ကို သတ်ဖြတ်ခဲ့ကြောင်း၊ သေဆုံးခဲ့သည့် မသန်စွမ်းသူများအနက် ၂၆ ရာခိုင်နှုန်းခန့်မှာ စစ်အုပ်စုမှ ကျေးရွာများအား ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ်များတွင် အရှင်လတ်လတ် မီးရှို့ခံရ၍ သေဆုံးရခဲ့ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင်နေထိုင်ပြီး သွားလာလှုပ်ရှားမှု သို့မဟုတ် အာရုံခံနိုင်စွမ်း အားနည်းချို့ယွင်းနေသည့် မသန်စွမ်းသူများအနေဖြင့် ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲသောကြောင့် ၎င်းတို့က ပိုမို ထိရှလွယ်ပြီး သေဆုံးရသည်အထိ ဖြစ်လာခဲ့ကြောင်း၊ ပဋိပက္ခဒဏ်သင့်ဒေသများတွင် ဆာလောင်ငတ်မွတ်ခြင်းနှင့် ဆေးဝါးကုသမှု မရရှိခြင်း၊ အထူးသဖြင့် စစ်အုပ်စုမှ ဆေးဝါးများ ပို့ဆောင်မှုကို ပိတ်ပင်တားမြစ်ခြင်းတို့ကြောင့်လည်း အချို့သော မသန်စွမ်းသူများအနေဖြင့် အသက်သေဆုံးခဲ့ရကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းပြသည်။

စစ်အုပ်စုအနေဖြင့် ရက်စက် ကြမ်းကြုတ်မှုများ ဆက်လက် ကျူးလွန်နေမည် ဆိုလျှင် မသန်စွမ်းသူဦးရေမှာ ဆက်လက် မြင့်တက်လာမည်ဖြစ်ပြီး စစ်အုပ်စုမှ ၎င်းတို့၏ အခွင့်အရေးများအား ချိုးဖောက်ခြင်းကိုလည်း ဆက်လက်ခံစားနေရမည်ဖြစ်ကြောင်း၊ စစ်အုပ်စုကို သက်ဆိုးရှည်စေမည့် ၎င်းတို့ပြင်ဆင်နေသော အတုအယောင် ရွေးကောက်ပွဲအား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြရမည်သာဖြစ်ကြောင်း သံအမတ်ကြီးက တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ မတရားစစ်အာဏာသိမ်းမှုမတိုင်မီက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရလက်ထက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများအပါအဝင် လူ့အခွင့်အရေးများ ကာကွယ်မြှင့်တင်ရေးအတွက် တိုးတက်နေသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေခဲ့ကြောင်း၊သို့ရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရား စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သည့်နောက်တွင်မူ မသန်စွမ်းသူများအနေဖြင့် ၎င်းတို့၏အခြေခံအခွင့်အရေးများအား ခံစားခွင့်မရသည့်အပြင် ပစ်မှတ်ထားအကြမ်းဖက်ခြင်းနှင့် မဆင်မခြင်လူ့အခွင့်အရေးချိုးဖောက်မှုများကိုပင် ရင်ဆိုင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

မသန်စွမ်းများ သေဆုံးမှုအများစုမှာ စစ်အုပ်စုမှ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှု များ နှင့် လက်နက်ကြီးပစ်ခတ်မှုများအပါအဝင် အရပ်သားပြည်သူများ နေထိုင်ရာဒေသများသို့ မဆင်မခြင် တိုက်ခိုက်ခဲ့ခြင်းများကြောင့်ဖြစ်ကြောင်း၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများတွင် နေထိုင်ပြီး သွားလာလှုပ်ရှားမှု သို့မဟုတ် အာရုံခံနိုင်စွမ်း အားနည်းချို့ယွင်းနေသည့် မသန်စွမ်းသူများအနေဖြင့် ထွက်ပြေး တိမ်းရှောင်ရန် ခက်ခဲသောကြောင့် ၎င်းတို့က ပိုမိုထိရှလွယ်ပြီး သေဆုံးရသည်အထိ ဖြစ်လာခဲ့ကြောင်း၊ထို့အတူ မဆင်မခြင်တိုက်ခိုက်မှုများတွင် စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိသူများ သို့မဟုတ် ဉာဏပိုင်းဆိုင်ရာ ချို့ယွင်းနေသည့် မသန်စွမ်းသူများ ရင်ဆိုင်ရသည့်အန္တရာယ်ကလည်း သိသိသာသာ မြင့်မားကြောင်း၊ ၎င်းတို့အနေဖြင့် အန္တရာယ်ကို သာမန်အတိုင်းမတုံ့ပြန်နိုင်ခြင်း သို့မဟုတ် မသိရှိနိုင်ခြင်းတို့ကြောင့် ဖြစ်စဉ်တွင် ကျန် ရစ်ခဲ့ကြပြီး ဖမ်းဆီးချုပ်နှောင်ခံ၊ ညှဉ်းပန်း၊ သတ်ဖြတ်ခံရခြင်း တို့ကို ရင်ဆိုင်ရလေ့ရှိကြောင်း သူက ဆက်ရှင်းပြသည်။

ပဋိပက္ခဒဏ်သင့်ဒေသများတွင် ဆာလောင်ငတ်မွတ်ခြင်းနှင့် ဆေးဝါးကုသမှု မရရှိခြင်း၊ အထူးသဖြင့် စစ်အုပ်စုမှ ဆေးဝါးများ ပို့ဆောင်မှုကို ပိတ်ပင်တားမြစ်ခြင်းတို့ကြောင့်လည်း အချို့သော မသန်စွမ်းသူများအနေဖြင့် အသက်သေဆုံးခဲ့ရကြောင်း၊တစ်ဖက်တွင်လည်း စစ်အုပ်စုက အရပ်သားပြည်သူများနေထိုင်ရာဒေသများသို့ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေမြှုပ်မိုင်းများ အသုံးပြုခြင်းတို့ကို ဆက်လက်လုပ်ဆောင်လျက်ရှိသောကြောင့် မသန်စွမ်းသူဦးရေ ဆက်လက် မြင့်တက်လာမည့်ဟု ခန့်မှန်းရကြောင်း ၊ မြန်မာနိုင်ငံတွင် လူဦးရေ ၅.၉ သန်းကျော် သို့မဟုတ် လူဦးရေ စုစုပေါင်း၏ ၁၃ ရာခိုင်နှုန်းမှာ မသန်စွမ်းသူများ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် အသက်ရှင်နေထိုင်ခွင့်အတွက် အာမခံချက် မရှိဘဲ အမြဲတစေ အကြောက်တရားဖြင့် နေထိုင်နေရကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောဆိုသွားသည်။

ဓာတ်ပုံ – စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော ကလေးငယ်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော ကလေးငယ်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article