ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့သို့ ညိုစောက ဝန်ကြီးချုပ်ရာထူးဖြင့် သွားရောက်မဲဆွယ်ပြီး ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်အောင် သူသာလျှင် ဆောင်ရွက်ပေးနိုင်သည်ဟု ပြောဆိုလာကြောင်း ကိုကိုးကျွန်းမြို့နယ်မှ မြို့မိမြို့ဖတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ခန့်အပ်ထားသော ဝန်ကြီးချုပ် ညိုစောက ကိုကိုးကျွန်းမြို့သို့ ရောက်ရှိလာကြောင်း၊ ယင်းသို့ ရောက်ရှိလာရာတွင် ၎င်းအနေဖြင့် ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စီးပွားရေး၊ ပညာရေး၊ လမ်းပန်းဆက် သွယ်ရေးနှင့် ကျန်းမာရေးအတွက် အထူးဆောင်ရွက်ပေးမည်ဖြစ်ပြီး ဆက်သွယ်ရေးတယ်လီဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများကိုလည်း အဆင်ပြေစွာ ရရှိရေး ဆောင်ရွက်ပေးမည်ဟု ပြောဆိုလာကြောင်း သိရှိရသည်။
“ဦးညိုစောက ပြောတာက ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်အောင် သူအစွမ်းကုန်လုပ်ပေးမယ်။ နိုင်ငံတော်နဲ့ သူအနေနဲ့ လုပ်နိုင်သလောက် အစွမ်းကုန် လုပ်ပေးမယ်။ စီးပွားရေး လူမှုရေး၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအကုန် ဖွံ့ဖြိုးတိုးတက်စေရမယ်။ သူလုပ်ပေးမယ်။ ပညာရေးနဲ့ ဆက်သွယ်ရေး ဖုန်းလိုင်း အင်တာနက်လိုင်းတွေလည်း အဆင်မြှင့်ပေးမယ်ပေါ့။ လျှပ်စစ်မီးတွေ တိုးရအောင် လုပ်ပေးမယ်။ အဲဒီလိုပြောပါတယ်။ သူက ကိုကိုးကျွန်းမဲဆန္ဒနယ်ကနေ ဝင်ပြိုင်ဖို့ရှိတယ်ဆိုတာလည်း ပြောတယ်။ ဒါပေမယ့် မဲပေးပါလို့ မပြောပေမယ့်လည်း ကိုကိုးကျွန်းဖွံ့ဖြိုးတိုးတက်အောင်က သူနဲ့ နိုင်ငံတော်ကပဲ လုပ်ပေးနိုင်္ငတယ်ဆိုတာမျိုး ပြောတယ်” ဟု ကိုကိုးကျွန်းမှ မြို့မိမြို့ဖတစ်ဦးက ပြောဆိုသည်။
ကိုကိုးကျွန်းမြို့မှ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စနစ်တကျဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း ညိုစောက တိုက်တွန်းကြောင်း သိရှိရသည်။
“ရွေးကောက်ပွဲ အောင်မြင်ဖို့ ကိုကိုးကျွန်းက ပြည်သူတွေက အားထည့် လုပ်ပေးကြပါ။ အဲဒါပြောတယ်။ သူ မကြာမကြာ ကိုကိုးကျွန်း လာပါ့မယ်တဲ့” ဟု ကိုကိုးကျွန်းမြို့မိမြို့ဖက ဆက်လက်ရှင်းပြသည်။
ကိုကိုးကျွန်းမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ဖွတ်ပါတီမှ ညိုစောနှင့် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးဝင်းကျော်သူတို့က ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုကိုးကျွန်းမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ၊ စစ်တပ်၊ ရဲနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုမူ ကြံ့ဖွတ်ပါတီမှ ဝန်ကြီးချုပ် ညိုစောကိုသာ ဆန္ဒမဲပေးကြရန် ယခုကတည်းက ဌာနအတွင်း ကြိုတင် အမိန့်ပေး စည်းရုံးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





