33 C
Yangon

ပုဏ္ဏားကျွန်းတွင် လူနာသွားသယ်သည့် ပရဟိတယာဉ်တစ်စီးကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု အသက် ၁၄ နှစ်အရွယ် လူငယ် ပရဟိတသမား မောင်ဌေးအောင်ဟိန်း (ခ)ကိုလတ် ထိမှန် သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာသို့ လူနာသွားသယ်သည့် ပရဟိတယာဉ် တစ်စီးကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁၄ နှစ်အရွယ် လူငယ် ပရဟိတသမား မောင်ဌေး အောင်ဟိန်း (ခ) ကိုလတ် ဗုံးထိမှန် သေဆုံးခဲ့ကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူ စာရေးဆရာ ကိုဝေဟင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ပုဏ္ဏကျွန်းမြို့နယ်၊ ကွမ်းတောင်ရွာတွင် ကျန်းမာရေးမကောင်းမွန်သော လူနာတစ်ဦးရှိနေသဖြင့် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်းအဖွဲ့က ပရဟိတကားဖြင့် သွားရောက်သယ်ဆောင်ကြောင်း၊ အဆိုပါ ပရဟိတကားတွင် အသက် ၁၄ နှစ်အရွယ် လူငယ် ပရဟိတသမား မောင်ဌေးအောင်ဟိန်း (ခ)ကိုလတ်က ဆရာဖြစ်သူနှင့်အတူ လိုက်ပါသွားခဲ့ကြောင်း၊ ထိုသို့ လိုက်ပါသွားစဉ် လမ်းပေါ်၌ စစ်တွေမြို့နယ်ခြေစိုက် စစ်တပ်က လွှတ်တင်ထားသည့် ဒရုန်းက ပရဟိတကားကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ပရဟိတလူငယ် မောင်ဌေးအောင်ဟိန်း (ခ) ကိုလတ် ဗုံးထိမှန် သေဆုံးသွားခဲ့ ကြောင်း သိရှိရသည်။

“ စစ်တွေကနေပြီး အဲဒီဘက်ကို လှမ်းပစ်တာ၊ အဲဒီ ဘက်ကို မကြာမကြာ လက်နက်ကြီးတွေနဲ့ ပစ်တာရှိတယ်။ ဒရုန်းတွေနဲ့လာပစ်တာရှိတယ်။ သင်္ဘော ကတော့ နည်းနည်းဝေးတယ်၊ သင်္ဘောကတော့ ပစ်တာတော့မဟုတ်ဘူး။ ကွမ်းတောင်ဆိုတာက ရွာ ကြီး အိမ်ခြေ ၁၀၀၀ ကျော်လောက်ရှိတယ်။ အမှန်ကတော့ အဲဒီရွာက တစ်ရွာလုံးနီးပါး စစ်ဘေး ရှောင်နေရတာ၊ ဒါပေမယ့် အိမ်စောင့်တွေရှိတယ်။ အိမ်စောင့်နေတဲ့ လူကြီးတွေရှိတယ်။ အဲဒီမှာ နေ မကောင်းတော့ လူနာကို လူနာတင်ကားနဲ့ သွားသယ်တာ၊ သူတို့အဖွဲ့က နောက်ထပ်ခေါင်းဆောင် တစ်ယောက်ပါတယ်။ ဒုက္ကဌတစ်ယောက်ပါတယ်။ အဲဒီမှာ လူနာတင်ကားကို မြင်တော့ ဒရုန်းနဲ့ လာပစ်တာ။ ဒရုန်းလာတာမြင်တော့ ကားပေါ်ကနေ ဆင်းပြေးတယ်၊ လမ်းဘေးကို ထိုးဆင်းတာ၊ ကံဆိုးချင်တော့ အဲဒီကောင်လေးရဲ့ လည်ပင်းကို ထိပြီးတော့ ပွဲချင်းပြီးသေတာ။” ဟု စစ်ဘေးရှောင် များကို ကူညီဆောင်ရွက်ပေးနေသူ ကိုဝေဟင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

သေဆုံးသွားသော မောင်ဌေးအောင်ဟိန်း (ခ)ကိုလတ်၏ ရုပ်အလောင်းကို ဖြူစင်ရင်ခွင် ဖောင်ဒေး ရှင်း ဒုဥက္ကဌက စစ်တပ်ဒရုန်းပြန်သွားသည့်အချိန်တွင် ကောက်ယူကာ သယ်ဆောင်လာခဲ့ကြောင်း၊ မကြာမီရက်ပိုင်းအတွင်း သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

“ဒီစစ်တပ်က အကြမ်းဖက်စစ်တပ်ဗျ၊ ပြည်သူကို ကာကွယ်ပေးတဲ့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကို စောင့်ရှောက်ပေးတဲ့ စစ်တပ် မဟုတ်ဘူး။ ဒီစစ်တပ်က ပြည်သူကို ရန်သူလိုသဘောထားပြီးတော့ သတ်ဖြတ်နေတဲ့ စစ်တပ်ဖြစ်တယ်၊ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ကမ္ဘာကြီးကသော်လည်း ကောင်း၊ ဘာသာရေးအရသော်လည်းကောင်း လုံးဝလက်ခံနိုင်စရာမရှိတဲ့ အလုပ်ကို တရစပ်လုပ် နေ တဲ့ တကယ့်အကြမ်းဖက်စစ်တပ်ဖြစ်တယ်၊ ဒါကို ကျနော်တို့ လုံးဝရှုတ်ချတယ်” ဟု ကိုဝေဟင်အောင်က ပြောဆိုသည်။

ရခိုင်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းတို့ကြောင့် ရခိုင်တိုင်းရင်းသားပြည်သူများ မကြာခဏဆိုသလို သေဆုံးထိခိုက်မှုများ၊ နေအိမ်ပျက်စီးမှုများ ဖြစ်ပေါ်ရလေ့ရှိ၍ AA က ပြည်သူများ သတိပြုနေထိုင်ကြရန် သတိပေးချက် တရားဝင် ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article