33 C
Yangon

ပခုက္ကူမြို့နယ်ရှိ ကျေးရွာများသို့ ဝါယမ ဦးစီးသည့် ပျူစောထီးနှင့်စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာများသို့ သင်္ကန်းဝတ် ဝါယမ ဦးဆောင်သော ပျူစောထီးအဖွဲ့နှင့်စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ ပြည်သူ ၂ ဦး သေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေ တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်ပြီး ညောင်ဂျစ်ပင် ပျူစောထီးရွာသို့ ရောက်ရှိနေသော သင်္ကန်းဝတ် ဝါယမ ဦးစီးသော ပျူစောထီးအဖွဲ့နှင့် စစ်တပ် ပူးပေါင်းထားသည့် အင်အား ၁၈၀ ခန့်ပါ စစ်ကြောင်းက အနီးအနားရှိ ကျေးရွာများသို့ ဆက်တိုက် ဝင်ရောက် စီးနင်းခြင်း၊ မွှေနှောက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် အောက်တိုဘာလ ၂၄ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ထန်းတပင်ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာနေ ပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်ကလည်း ညောင်ဂျစ်ပင် ပျူစောထီးရွာမှ အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ကျေးရွာများကို ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ အမျိုးသမီး ၂ ဦးမှာ ဒဏ်ရာအခြေအနေ ပြင်းထန်ကြောင်း သိရှိရသည်။

လက်ရှိအချိန် အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးမှု ကြောင့် ရေလာကြီးရွာ ၊ ထန်းတပင်ရွာ ၊ ဖောင်ကျောင်းရွာ ၊ ဖောင်းကွဲရွာ ၊ ရေမျက်၊ပြည့်အိုင်ရွာ ၊ ရွာသာအေးရွာနှင့် မြေပန်းတောင်းရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“အဲစစ်ခွေးစစ်ကြောင်းက ရွာတွေကို ဝင်ရောက်မွှေနှောက်ပြီး ပြည်သူပိုင် ပစ္စည်းတွေကိုလည်း ဆက်တိုက် ခိုးယူနေတယ်။ နောက်ပြီး အနီးအနားက ရွာတွေကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာတွေ လုပ်ဆောင်လို့ ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရထားတယ်။ စစ်ခွေးစစ်ကြောင်းက လက်ရှိချိန်ထိ ရှိနေသေးတယ်” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပခုက္ကူမြို့နယ် (မြစ်ခြေ) ဘက်သို့ ဆက်လက် ဦးတည်နေပြီး လက်ရှိ စစ်ကြောင်းမှာမြေပန်းတောင်းရွာတွင် ရောက်ရှိနေကြောင်း၊ ပြည်သူပိုင် ပစ္စည်းများကို ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ပြည်သူများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article