စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ကင်းပတ်နေသော စစ်ကား ၁ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မုံရွာမြို့ပေါ်၌ ကင်းပတ်နေသော စစ်ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“မုံရွာမြို့တွင်း မစ်ရှင်တစ်ခု ဖော်ဆောင်ဖို့အသွား ကင်းပတ်လာတဲ့ စစ်ကားနဲ့တွေ့လို့ ထိတွေ့မှုဖြစ် တာပါ။ နှစ်ယောက်သေတယ်။ သေသွားတဲ စခ ၂ ယောက်ကို လမ်းပေါ်မှာ ပက်လက်လေး ထားထားတယ်လို့ သတင်းရထားပါတယ်” ဟု မုံရွာခရိုင် အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄- Monywa The Boys ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ တပ်ခွဲ ၂ – 5/ Commando Force နှင့် မုံရွာ ခရိုင်တပ်ရင်း ၂၈ တပ်ခွဲ ၃- Spring Dove တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။




