ထိုင်းနိုင်ငံ အယုဒ္ဓယရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုတွင် အလုပ်လုပ်ရင်း အကြောင်းမဲ့ အလုပ်ထုတ်ခံရသော တရားဝင် မြန်မာအလုပ်သမား ၁၈ ဦးက အလုပ်မှ ထုတ်ပယ်ခဲ့မှုအတွက် နစ်နာကြေးရရှိရန်အတွက် အလုပ်ရှင်ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီမှ အမှုနှင့်ပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မြန်မာလုပ်သား ၁၈ ဦးမှာ ယခုနှစ် မေလ ၂၀ရက်နေ့တွင် ထုတ်ပယ်ခံလိုက်ရသည့်အတွက် မေလ၂၆ရက်နေ့ကတည်းက နယ်မြေခံထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် တိုင်ကြားမှုများ စတင်ခဲ့ပြီး အလုပ်ရှင်က နစ်နာကြေး မပေးလို၍ အချိန်ဆွဲနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
“သူဌေးကညစ်နေတာ။ စဝါဒီကန်ရုံးကနေလည်းဆင့်ခေါ်တယ်။ ဥပဒေအတိုင်းသတ်မှတ်ကာလတွေ ကျော်လွန်တဲ့အထိပေါ့။ ဒါပေမဲ့ သူဌေးဘက်က မလုပ်ပေးဘူး ။ နောက်ဆုံးအဆင့်အနေနဲ့ သူဌေးကို ခုတရားစွဲတော့မှာပါ”ဟု M.H.A.C မဟာမိတ်အဖွဲ့မှ အမှုနှင့်ပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလုပ်သမားများ ရသင့်သည့် နစ်နာကြေးများ အပြည့်အဝ ရရှိသည်အထိ လုပ်ဆောင်သွားမည် ဖြစ်ပြီး အလုပ်ရှင်အနေနှင့် ပေးချေခြင်းမရှိပါက ဥပဒေအတိုင်း အရေးယူခံရသည်အထိ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“အလုပ်သမားတွေ ရသင့်ရထိုက်တာ ပေးရင်ပေး မပေးရင် ထောင်ကျတဲ့အထိ ရောက်သွားမှာပါ။ နစ်နာသူအလုပ်သမားတွေရှေ့ကနေ ပြီးတဲ့အထိ နစ်နာမှုတွေအပြည့်ဝပြန်လည်ရတဲ့အထိ ရပ်တည်ကာကွယ်စောင့်ရှောက်ပေးသွားမှာပါ”ဟု M.H.A.C မဟာမိတ်အဖွဲ့မှ အမှုနှင့်ပြန်ကြားရေးတာဝန်ခံ Zin က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာအလုပ်သမားများအတွက် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုနှင့် လုပ်ငန်းခွင် ဖိနှိပ်မှုများ ကြုံတွေ့ရပါက M.H.A.C နှင့် NUG အလုပ်သမားရေးရာအဖွဲ့တို့ထံ တိုင်ကြားနိုင်ကြောင်း သိရှိရသည်။






