ရန်ကုန်၊ နိုဝင်ဘာ ၄
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မောက်ကဒီးရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံ ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးထားကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းအစောပိုင်းတွင် ဝက်လက်မြို့နယ် ရွာသာကြီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မောက်ကဒီးရွာကို သေနတ်များ ပစ်ဖောက်ကာ ထပ်မံ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာချိန်တွင် လယ်ကွင်းအတွင်း ရေသွင်းနေသည့် ပြည်သူများ ဖမ်းဆီးခံရခြင်းဖြစ်ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားကလည်း မောက်ကဒီးရွာထဲမှ စစ်သားများနှင့် လာရောက် ပူးပေါင်းထားကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက နံနက် အစောပိုင်းကြီး ဝင်လာတာဆိုတော့ ပြည်သူတွေက မသိလိုက်တာ စစ်ခွေးတွေသေနတ် ပစ်ဖောက်မှ သိတော့ ပြေးချိန်မရလိုက်ဘူး။ ပြည်သူဘယ်နှဦး ဖမ်းဆီးခံထားရလဲဆိုတာတော့ မသိသေးဘူး။ စစ်ခွေးတွေ ရှိနေသေးတယ်။ မနေ့ကလည်း ပြည်သူတွေ ဖမ်းဆီးခံရသေးတယ်။ အဲဖမ်းဆီးခံရသူတွေကို ရွာသာကြီးရွာထဲကို ခေါ်သွားတယ်လို့ သိရတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း ရွာသာကြီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားများသည် မောက်ကဒီးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၄၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ မူးမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရှိကာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ ည ၇နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၀ တပ်ရင်းမှ အောင်ချမ်းသာကျေးရွာ အတွင်းကို ၈၁ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် ကျေးရွာနေ ပြည်သူ အသက် ၅၈ နှစ်အရွယ် ဦးပါးဝင်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ နေအိမ်လည်းထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရသည်။






