ထိုင်းနိုင်ငံ၊ ကန်ချနဘူရီတွင် တရားမဝင် မြန်မာအလုပ်သမား ၂၅ ဦး ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။
ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ ဓာတ်ဆီဆိုင်တွင် ရပ်နားထားသော ပစ်ကပ်ထရပ်ကားပေါ်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၅ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါ မြန်မာအလုပ်သမားများကို ထိုင်းလှည့်ကင်းအဖွဲ့က မသင်္ကာ၍ စစ်ဆေးရာမှ ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း၊ တရားမဝင် ဝင်ရောက်လာသော မြန်မာအမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၇ ဦးတို့ကို ကားပေါ်မှ တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ တရားမဝင် မြန်မာများအားလုံးသည် ဘုရားသုံးဆူမှတစ်ဆင့် ကန်ချနဘူရီသို့ နယ်စပ်စစ်ဆေးရေးဂိတ်များကို ရှောင်ရှားပြီး ကုန်းလမ်းနှင့် ရေလမ်း၊ တောလမ်းများအတိုင်း တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
တရားမဝင် မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန်အတွက် ဝင်ရောက်လာခြင်းဖြစ်ပြီး တစ်ဦးလျှင် ပွဲစားခအဖြစ် ထိုင်းဘတ်ငွေ ၂၅၀၀၀ ပေးရကြောင်း ၊ ၎င်းတို့ကို ဥပဒေအရ တရားစွဲဆို အရေးယူပြီး ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။






