30 C
Yangon

မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအား ဝေဖန်သော လူမှုကွန်ရက်ပို့စ်များကို “Like” နှင့် “Heart” Reaction ပေးရုံမျှဖြင့် စစ်တပ်က ဖမ်းဆီးနေမှုများ ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း အသိပေး

Must read

ရန်ကုန်၊ နို၀င်ဘာ ၆

မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအား ဝေဖန်သော လူမှုကွန်ရက်ပို့စ်များကို “Like” နှင့် “Heart” Reaction ပေးရုံမျှဖြင့် စစ်တပ်က ဖမ်းဆီးနေမှုများ ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းတင်ပြပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ အထူးနိုင်ငံရေးနှင့် ကိုလိုနီနယ်မြေများ လွတ်မြောက်ရေးကော်မတီ (စတုတ္ထကော်မတီ) အစည်းအဝေးတွင် သံအမတ်ကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စု၏ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်အား အင်တာနက်ဖြတ်တောက်မှုနှင့် ဆင်ဆာ ဖြတ်တောက်မှုများမှ တစ်ဆင့်သာမက အွန်လိုင်းပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ကာ ဖိနှိပ်နေမှုများ ပြုလုပ်နေကြောင်း၊ မကြာသေးမီ ရက်ပိုင်းအတွင်းကပင် အနုပညာရှင်များ၊ ရုပ်ရှင် ဒါရိုက်တာများနှင့် ထင်ပေါ် ကျော်ကြားသူများအား အကြမ်းဖက်စစ်အုပ်စု ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် ဝေဖန်သော ပို့စ်များတွင် Like” သို့မဟုတ် “Heart” Reaction များ ပေးခဲ့ရုံမျှဖြင့် မတရား ဖမ်းဆီးခံခဲ့ရကြောင်း၊ ဤသို့သော ဆိုးရွားသည့်ဖိနှိပ်မှုအဆင့်သည် စစ်အာဏာရှင်တို့၏ အမှန်တရားကို လက်ခံနိုင်ခြင်း မရှိသည့် သိမ်ငယ်စိတ်ဖြင့် ပြည်သူလူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု အားလုံးကို စိတ်ပေါ့သွပ်သူတစ်ဦးကဲ့သို့ လိုက်လံပိတ်ပင် ထိန်းချုပ်လိုခြင်းကို သိသာမြင်သာစေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် တရားမဝင် အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့အား ဆန့်ကျင်သံများကို ဖိနှိပ်ရန်နှင့် သတင်းအချက်အလက်များကို ၎င်းတို့၏အကျိုးအတွက် လိမ်လည်ရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို စနစ်တကျ လက်နက်သဖွယ် အသုံးပြုလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းသမားများကို အများဆုံး မတရားဖမ်းဆီးမှုအဆိုးဆုံးသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာခဲ့ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

လွတ်လပ်သော သတင်းမီဒီယာများအနေဖြင့် နိုင်ငံပြင်ပသို့ ထွက်ပြေးတိမ်းရှောင်ရခြင်း သို့မဟုတ် လုံးဝရပ်နား ပိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ရပြီး၊ နိုင်ငံအတွင်း ဆက်လက်လုပ်ကိုင်နေသော မီဒီယာများမှာလည်း အကြမ်းဖက်စစ်အုပ်စု၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် အကြမ်းဖက်စစ်အုပ်စုက သဘောမတူသည့် မည်သည့် စကားလုံးအသုံးအနှုန်း၊ ဝေါဟာရကိုမဆို အသုံးပြုခြင်း မပြုရန် တားမြစ်ခံထားရကြောင်း ၊ အကြမ်းဖက်စစ်အုပ်စုသည် Facebook နှင့် Telegram ကဲ့သို့သော ပလက်ဖောင်းများကို စောင့်ကြည့် ခြိမ်းခြောက်ရေး ကိရိယာများအဖြစ် ပြောင်းလဲအသုံးပြုကာ အသုံးပြုသူများကို စောင့်ကြည့်ခြင်း၊ တက်ကြွ လှုပ်ရှားသူများကို ခြေရာခံခြင်းနှင့် ၎င်းတို့၏ ရာဇဝတ်မှုများကို လိမ်ညာဖုံးဖိရန်နှင့် ဒီမိုကရေစီ ခုခံတွန်းလှန်မှုများကို ပျက်ပြားစေရန် သတင်းမှား ဖြန့်ဝေရေး ပူးပေါင်းဆောင်ရွက်လှုပ်ရှားမှုများကို ပြုလုပ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှု ပျက်သုန်းနေခြင်း၊ သတင်းအချက်အလက်စီးဆင်းမှုများ ဆိုးရွားစွာ ကန့်သတ်ထားခြင်း၊ အချိန်နှင့်အမျှ ကြောက်ရွံ့စွာ ပြည်သူများနေထိုင်နေရခြင်း စသည့်အချက်များသည် စစ်အုပ်စု ပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲသည် တရားမျှတမှု၊ လွတ်လပ်မှု လုံးဝရှိမည် မဟုတ်သည်ကို ဖော်ပြနေသည့် များစွာသော ရေးကြီးသည့်အချက်များအနက် အချက်အချို့ပင်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအား မြန်မာနိုင်ငံရှိ သတင်း အချက်အလက်ဖိနှိပ်မှု၏ အရင်းခံအကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းရန်၊ ကျူးလွန်သူများ အား တာဝန်ခံစေရန် နှင့် အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင်အလိမ်အလည်ရွေးကောက်ပွဲကို ပယ်ချရန် ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

နိုင်ငံတကာအနေဖြင့် စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရေး၊ နိုင်ငံသားတိုင်း ကြောက်ရွံ့မှုကင်းစွာ ပြောဆိုခွင့်၊ ရေးသားခွင့်နှင့် ဆက်သွယ်ခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် တည်ဆောက်ရန် အာသီသပြင်းစွာ ဆောင်ရွက်နေကြသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ဆောင်ရွက်ပေးကြရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း အစည်းအဝေးတွင် တောင်းဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article