ရန်ကုန်၊ နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နှင့် ဝက်လက်မြို့နယ် အစပ်ရှိ ရွှေဘို-မန္တလေး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက်မီးရှို့နေကာ ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကိုလည်း စစ်တပ်က ယနေ့ နံနက်ပိုင်းမှ စ၍ စီးနင်းမီးရှို့နေကြောင်း ဒေသပြည်သူများနှင့် Wetlet Informational Network မှ တာဝန်ခံကို မုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ရွှေဘို-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် ရွှေဘို-မန္တလေး လမ်းပိုင်းရှိ ဘုံးဘွက်ရွာထဲတွင်ကျန်ရှိနေသော စစ်သားများသည် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း၊ ထို့ပြင် ဇီးတောရွာ၊ တဂဏန်းရွာ၊ ဘုန်းဘွတ်ရွာ၊ စိုင်နိုင်ကြီးရွာနှင့် စိုင်နိုင်လေးရွာမှ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးတွေက လက်နက်ကြီးကော လက်နက်ငယ်တွေကော ရမ်းပစ်နေတော့ ပြည်သူတွေထွက်ပြေးထိမ်းရှောင်နေရတယ်။ တိုက်ပွဲက ဒီနေ့ နံနက်ပိုင်းတည်းက စဖြစ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာသာကြီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ထုံဘိုရွာ အရှေ့ဘက် တံတားညီနောင်အနီးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် လက်ရှိချိန်တွင် မူးကြီးရွာကို ထပ်မံ ဝင်ရောက် စီးနင်းကာ နေအိမ်များကို ဆက်လက် မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
“မနေ့က ကျေးရွာတွေကို မီးရှို့ခဲ့တဲ့ စစ်ခွေးတွေက ဒီနေ့ နံနက်မှာ ရွာသာကြီးရွာ အရှေ့ဘက်ကို ထွက်လာပြီးတော့ တံတားညီနောင်နားက နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးတော့ အခုလက်ရှိမှာ မူးကြီးရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး နေအိမ်တွေကို ဆက်လက် မီးရှို့ဖျက်ဆီးနေတယ်” ဟု Wetlet Informational Network မှ တာဝန်ခံကို မုန်တိုင်းက ပြောဆိုသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့ကလည်း ရွာသာကြီးရွာမှ ထွက်ခွာလာပြီး တမာကုန်းရွာ၊ ရွာတော်ကုန်းရွာ၊ တံတားဦးရွာနှင့် ထုံးဘိုရွာတို့ကို စစ်ကြောင်း ၃ ကြောင်းခွဲ၍ တပြိုင်တည်း ဝင်ရောက် စီးနင်း မီးရှို့ခဲ့ကြောင်း သိရှိရသည်။
ယင်း စစ်တပ် စစ်ကြောင်းကြောင့် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာသာကြီး ၊ ထုံးဘို ၊တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကိုကို့စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူး စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




